အမြန်လမ်းပေါ် လမ်းလျှောက်သူများကြောင့် Hiace ယာဉ် တိမ်းမှောက်၊ ထိခိုက်သူမရှိ

(မှုခင်း) ဩဂုတ် ၁၉

ဩဂုတ် ၁၈ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Toyota Hiace Super Custom ယာဉ်တစ်စီးသည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၄/၁ နှင့် ၃၄/၂ ကြားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၂ ဦး လိုက်ပါလာပြီး လမ်း၏ လက်ယာဘက် ယာဉ်ကြောအစွန်တွင် လမ်းလျှောက်နေသူ လူ ၂ ဦးကို တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများအနက် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမကြီးများဥပဒေအရ အမြန်လမ်းမကြီးပေါ်တွင် လမ်းလျှောက်ခြင်း၊ လမ်းဖြတ်ကူးခြင်းအပြင် မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ သုံးဘီးယာဉ်နှင့် ကျွဲ၊ နွားလှည်းများ သွားလာခွင့်မပြုကြောင်း သတိပေးထားသည်။

အမြန်လမ်းပေါ်တွင် အဆိုပါလူ၊ ယာဉ် သို့မဟုတ် လှည်းများကြောင့် မတော်တဆမှု ဖြစ်ပွားပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူခံရနိုင်ကြောင်းလည်း အသိပေးထားသည်။

Telegram – t.me/positiveanglenews

#PAN