(စီးပွားရေး) ဩဂုတ် ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ၂၀၂၆ ခုနှစ် ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်လများအတွင်း တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုအခြေအနေများ၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့အပြင် နယ်စပ်စစ်ဆေးရေးဂိတ်များတွင် စည်းကမ်းစနစ်တကျ စစ်ဆေးဆောင်ရွက်ရေး၊ တရားမဝင်ကုန်စည်ပို့ဆောင်မှုများကို ဥပဒေနှင့်အညီ တားဆီးစစ်ဆေးအရေးယူရေး၊ ကုန်သွယ်မှုလမ်းကြောင်းများတစ်လျှောက် ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့စေရေးတို့ကိုလည်း အလေးထားဆွေးနွေးခဲ့သည်။
ယင်းအပြင် လက်ရှိအသုံးပြုနေသည့် **ကုန်သေတ္တာ E-Lock စနစ်ကို ကုန်သွယ်မှုလမ်းကြောင်းအားလုံးတွင် အသုံးပြုနိုင်ရေး** ဆောင်ရွက်ရန်ကိစ္စကိုလည်း ဆွေးနွေးမှာကြားခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းပပျောက်စေရေး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ယခင်ဦးဆောင်ကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်တို့က ဝန်ကြီးဌာနအလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဒေသအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြကြပြီး တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားဖြည့်စွက်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN