
(မှုခင်း) ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ဩဂုတ်လ ၆ ရက်နေ့တွင် အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲကာ ငွေကျပ်သိန်း ၄၅၀၀ နှင့် ရွှေအလေးချိန် ၆၀ ကျပ်သား တောင်းခံခဲ့သည့်ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ တရားခံ ၉ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့ညမနား ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်နေ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့် (ခ) ဆူပရာမန်းနီး သည် ဩဂုတ်လ ၆ ရက် ညနေ ၅ နာရီခွဲခန့်က ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ် ရွှေဘုံသာလမ်း အိမ်အမှတ် (၃၆) ရှေ့အရောက်၌ စိစစ်ဆဲအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ည ၈ နာရီခန့်တွင် အဆိုပါအဖွဲ့က ဦးအောင်မြင့်၏ဖုန်းဖြင့် မိသားစုထံ ဆက်သွယ်ကာ ၎င်းအား အသက်ရှင်လျက် ပြန်လိုပါက ငွေကျပ် သိန်း ၄၅၀၀ နှင့် ရွှေ ၆၀ ကျပ်သားပေးရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ တိုင်ကြားပါက သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို ငွေကြေးတောင်းခံခဲ့ကြောင်းသိရသည်။

အဆိုပါ ပြန်ပေးဆွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံးဖော်ထုတ်နိုင်ရေး လိုအပ်သည့် စိစစ်မှုများ ချက်ချင်းဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၇ ရက် နံနက် ၄ နာရီခွဲခန့်တွင် ပြန်ပေးဆွဲမှု၌ ပါဝင်သူ တရားခံများဖြစ်ကြသည့် မူဒူးဂါး (ခ) ဝင်းကိုအောင် နှင့် ဂင်ဒို (ခ) လင်းလင်း တို့ ၂ ဦးအား တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးတွင် စတင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
၎င်းတို့၏ ထွက်ဆိုချက်များအရ ဆက်စပ်တရားခံများဖြစ်သည့် မျိုးမင်းဦး (ခ) မျိုးကြီး နှင့် အောင်သူ (ခ) အောင်သူဦး တို့ ၂ ဦးအား နံနက် ၅ နာရီခန့်တွင် သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီး၌ ဓား၊ လှံစွပ်၊ လက်ထိပ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေရာတစ်ဝိုက် ရှာဖွေမှုများပြုလုပ်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဆိုင်ပိုင်ရှင် ဦးအောင်မြင့်အား အနီးရှိ အိမ်ပျက်အတွင်းမှ ဘေးအန္တရာယ်ကင်းရှင်းစွာ အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျန်ရှိနေသော တရားခံများအား ထပ်မံဖော်ထုတ်ခဲ့ရာ နံနက် ၅ နာရီခွဲတွင် ဒေါပုံမြို့နယ်၌ တရားခံ မောင်ငယ် အားလည်းကောင်း၊ ဆက်စပ်တရားခံများဖြစ်သည့် ကျော်သူရ၊ အောင်ထက်မိုး နှင့် ကျော်သက် တို့ ၃ ဦးအား ၎င်းတို့၏ နေအိမ်အသီးသီးတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် တက္ကစီယာဉ်နှင့် ယာဉ်မောင်းဖြစ်သူ ကျော်ကိုကိုလွင်အား ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက်၌ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ယခုဖြစ်စဉ်တွင် ပါဝင်သည့် ပြစ်မှုကျူးလွန်သူ စုစုပေါင်း ၉ ဦးအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
