(ဒေသဆိုင်ရာသတင်း) ဇူလိုင် ၁၇
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါကျေးရွာအုပ်စုအတွင်း လက်နက်ကြီးပေါက်ကွဲသံများကြားရသဖြင့် တိုက်ပွဲဖြစ်ပွားမှုရှိမရှိကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စုံစမ်းသိရှိချက်အရ မုတ်ကျိတ်ကျေးရွာအနီး ဝိုင်းမော်–ဝါရှောင်–ဆဒုံး–ကံပိုင်တည် ကားလမ်းဘေးရှိ ဦးရစ်ပီလွမ်းခေါင် (ခ) မာလိ၊ ကျောင်းဆရာဟောင်း၊ NLD အမာခံ (ကိုယ်ရေးအချက်အလက် စိစစ်ဆဲ) ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ၏ နေအိမ်ဝင်းအတွင်းရှိ ဆန်စက်ဟောင်းနေရာတွင် ယာယီသိုလှောင်ထားသော လက်နက်ခဲယမ်းများနှင့် လက်နက်ကြီးကျည်များ ပါဝင်သည့် ဂိုဒေါင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုမှာ အပူရှိန်လွန်ကဲမှုကြောင့် စပါးခွံများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ထိုမှတစ်ဆင့် လက်နက်ကြီးကျည်များ ပေါက်ကွဲကာ ဂိုဒေါင်အတွင်းရှိ လက်နက်ခဲယမ်းများသို့ ဆက်လက်ကူးစက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း နေအိမ်ဝင်းအတွင်းရှိ မော်တော်ယာဉ် ၂ စီး၊ ဆန်ဂိုဒေါင်ဟောင်းတစ်လုံးနှင့် ဆန်စက်ဟောင်းတစ်လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN