
(နိုင်ငံတကာ) ဇူလိုင် ၁၇
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ၎င်း၏ ရာထူးသက် တမ်း မကုန်ဆုံးမီ နောက်ဆုံးသော လုပ်ဆောင်ချက်တစ်ခုအဖြစ် အထက်လွှတ်တော်အမတ် (Life Peers) ၂၆ ဦးကို အမည်စာရင်း တင်သွင်းခန့်အပ်ခဲ့သည်။ ယင်းစာရင်းတွင် လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း ပါဝင်လာခြင်းမှာ နိုင်ငံရေးလောကတွင် အထူးအာရုံစိုက်မှု ခံနေရသည်။
ဗြိတိန်အစိုးရ၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်အရ အထက်လွှတ်တော်အသစ်များအဖြစ် ခန့်အပ်ခံရသူ ၂၆ ဦးမှာ နိုင်ငံရေး၊ ပရဟိတလုပ်ငန်း၊ စစ်ဘက်ဆိုင်ရာ၊ လူမှုရေးလှုပ်ရှား မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အဆိုပါ ပုဂ္ဂိုလ်များသည် ဗြိတိန်၏ ဥပဒေပြုရေးလုပ်ငန်း စဉ်များတွင် ပါဝင်စိစစ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် မဲပေးခြင်းများ ပြုလုပ်နိုင်ခွင့်ရှိသော တစ်သက်တာ အထက်လွှတ်တော်အမတ်များ ဖြစ်လာကြမည်ဖြစ်သည်။
အဓိက ခန့်အပ်ခံရသူများတွင် လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း သည် တတိယမြောက် သက်တမ်းသို့ ရောက်ရှိနေသည့် မြို့တော် ဝန်ဖြစ်ပြီး ၎င်း၏ ပါဝင်လာမှုသည် အထက် လွှတ်တော်အတွက် အရေးပါသော တိုးတက်မှုတစ်ခုအဖြစ် ရှုမြင်ခံနေရသည်။

ပါတီအလိုက် ခန့်အပ်မှုများမှာ စာရင်းဝင် ၂၆ ဦးတွင် အလုပ် သမားပါတီမှ ၁၆ ဦး၊ လစ်ဘရယ်ဒီမိုကရက်ပါတီမှ ၅ ဦး၊ ကွန်ဆာ ဗေးတစ်ပါတီမှ ၃ ဦးနှင့် ပါတီတွဲမရှိသော (Crossbench) အမတ် ၂ ဦး ပါဝင်သည်။
ထင်ရှားသော ပုဂ္ဂိုလ်များတွင် စစ်တပ်စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဆာ ပက်ထရစ် ဆန်းဒါးစ်၊ လူ့အခွင့်အရေး လှုပ် ရှားသူ Parvais Jabbar နှင့် တရား သူကြီးဟောင်း ဆာ ဘရိုင်ယန် လီဗက်ဆန်တို့လည်း ပါဝင်သည်။
ဝန်ကြီးချုပ်ဟောင်း စတာမာ၏ အဆိုပါ ခန့်အပ်မှုများသည် လာမည့် တနင်္လာနေ့တွင် အန်ဒီ ဘန်ဟမ် ဝန် ကြီးချုပ်အဖြစ် တာ ဝန်မယူမီ နောက်ဆုံးသော အရေးကြီး ဆုံးဖြတ်ချက်များ ဖြစ် သည်။ သို့သော် ညာယိမ်း Reform UK ပါတီကို မည်သည့်ရာထူးမှ မပေးအပ်ခဲ့ခြင်းအပေါ် ပါတီခေါင်းဆောင် နိုင်ဂျယ် ဖာရာ့ဂ်ျက မကျေမနပ်ဖြစ်လျက်ရှိပြီး “လက်ရှိ အထက်လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုမှု ပိုမိုနည်းပါးလာသည်” ဟု ဝေဖန်ခဲ့သည်။
လက်ရှိတွင် အထက်လွှတ်တော်၌ ကွန်ဆာဗေးတစ်ပါတီက ၂၄၆ နေရာ၊ အလုပ်သမားပါတီက ၂၁၆ နေရာ ရရှိထားသည့် အတွက် အတိုက်အခံပါတီများမှာ အရေအတွက်အားဖြင့် အသာ စီးရထားဆဲဖြစ်သည်။
ဝန်ကြီးချုပ်တစ်ဦး ရာထူးမှ ထွက်ခွာတော့မည့်အချိန်တွင် “Resignation Honours” ဟုခေါ်သော အထူးခန့်အပ်မှုစာရင်းကို တင်သွင်းခွင့်ရှိသည်။ ၎င်းသည် ရာထူးမှ ထွက်ခွာမည့်သူအတွက် ဓလေ့ထုံးတမ်းအရ ရရှိသော အခွင့် အရေးဖြစ် သည်။
ဗြိတိန်နိုင်ငံတွင် အထက်လွှတ်တော်အမတ်များကို ခန့် အပ်ခြင်းသည် “တော်ဝင်အခွင့်အာဏာ” (Royal Prerogative) အောက်တွင် ရှိသည်။ လက်တွေ့တွင် ဝန်ကြီးချုပ်က အကြံပြု (Recommend) ပြီး ဘုရင်မ (သို့မဟုတ် ဘုရင်) က တရားဝင် ခန့်အပ်ခြင်းဖြစ်သည်။ ဤအာဏာသည် ဝန်ကြီးချုပ်အား အထက်လွှတ်တော်ကို ဖွဲ့ စည်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခွင့်ပေးထား သည်။
Telegram»… https://t.me/positiveanglenews
#PAN