ဗြိတိန်ဝါရင့်နိုင်ငံရေးသမား အန်း ဝစ်ဒီကွမ်ဘီ လုပ်ကြံခံရမှုအား “ပစ်မှတ်ထားတိုက်ခိုက်မှု” အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ သတ်မှတ်၊ ဗြိတိန်နိုင်ငံရေးလောက လုံခြုံရေးအတွက် စိုးရိမ်မှုများမြင့်တက်

(နိုင်ငံတကာ) ဇူလိုင် ၁၅

    ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဗြိတိန်နိုင်ငံ၊ ဒက်ဗွန် (Devon) ရှိ ၎င်း၏နေအိမ်၌ လုပ်ကြံခံခဲ့ရသော ဝါရင့်နိုင်ငံ ရေးသမား အန်း ဝစ်ဒီကွမ်ဘီ၏ သေဆုံးမှုဖြစ်စဉ်မှာ စနစ် တကျ ရည်ရွယ် ချက်ရှိရှိဖြင့် “ပစ်မှတ်ထား တိုက်ခိုက်ခြင်း” ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က တရားဝင် အတည်ပြုလိုက်သည်။                     

     အသက် ၇၈ နှစ်အရွယ် အန်း ဝစ်ဒီကွမ်ဘီအား ပြင်းထန်သော ဒဏ်ရာများနှင့်အတူ နေအိမ်တွင် သေဆုံးလျက်တွေ့ရှိပြီးနောက် ပိုင်း၊ ပဏာမစုံစမ်းစစ်ဆေးမှုများအရ အကြမ်း ဖက်မှုနှင့် ဆက် စပ်မှု မရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ခန့်မှန်းခဲ့သည်။ သို့သော် လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာသည့်အခါ “သတင်းအချက်အလက်သစ်များ” ပေါ် ပေါက်လာခဲ့ခြင်းကြောင့် ပြည်ထဲ ရေးဝန်ကြီး ရှာဘာနာ မာမွတ်က ယင်းအမှုကို အကြမ်းဖက်မှုတိုက်ဖျက်ရေး အသွင်ပြောင်းလဲ စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။               

     အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၏ အကြီးအကဲ လက် ထောက်ကော်မရှင်နာ လောရန့်စ် တေလာ၏ ပြောကြားချက်အရ သံသယရှိသူ ဗြိတိန်လူမျိုး လူဖြူအမျိုးသားအား “အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း” ဟူသော ပုဒ်မများဖြင့် ထပ်မံဖမ်းဆီး စစ်ဆေးလျက်ရှိသည်။ ၎င်းသည် လက်ရှိတွင် အလွန်ရှုပ်ထွေးသော စုံစမ်းစစ် ဆေးမှုတစ်ခု ဖြစ်နေပြီး တိုက်ခိုက်သူ၏ အိုင်ဒီယိုလိုဂျီ (Ideology) သို့မဟုတ် ရည်ရွယ်ချက်ကို ဤအဆင့်တွင် ကောက် ချက်မချနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။                      

     အန်း ဝစ်ဒီကွမ်ဘီသည် ဗြိတိန်နိုင်ငံရေးလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ထင်ရှားခဲ့သူဖြစ်သည်။ ၁၉၈၇ မှ ၂၀၁၀ ခုနှစ်အထိ ကွန်ဆာဗေးတစ်ပါတီမှ ပါလီမန်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အတိုက်အခံ ပြည်ထဲရေးဝန်ကြီးအထိ ရာထူးများ ရယူခဲ့ဖူးသည်။ နောက်ပိုင်းတွင် Nigel Farage ၏ Reform UK ပါတီသို့ ပြောင်းရွှေ့ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် တရားရေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူအဖြစ် တာဝန်ထမ်းဆောင်နေစဉ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

     ၎င်းသည် နိုင်ငံရေးလုပ်ဆောင်ချက်များအပြင် ရုပ်သံအစီ အစဉ်များတွင်လည်း ပရိသတ်အချစ်တော်တစ်ဦး ဖြစ်ခဲ့သည်။ ကိုယ်ဝန်ဖျက်ချခြင်းအား ဆန့်ကျင်ခြင်း၊ လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အမြင်သဘောထားများကြောင့် လူထုအကြား ဝေဖန်မှုနှင့် ထောက်ခံမှု အမျိုးမျိုး ခံခဲ့ရသူဖြစ်သည်။

     အန်း ဝစ်ဒီကွမ်ဘီ၏ လုပ်ကြံခံရမှုသည် ဗြိတိန်ပါလီမန်အမတ်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် စိုး ရိမ်မှုများကို ပြန်လည်နှိုးဆွလိုက်သလို ဖြစ်နေသည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပါလီမန်အမတ် ဂျို ကော့စ် နှင့် ဒေးဗစ် အမ်မက်စ်တို့ အသတ်ခံခဲ့ရပြီးနောက်ပိုင်း ယခုဖြစ်ရပ်မှာ တတိယမြောက် လုပ်ကြံခံရမှု ဖြစ်သည်။                 

     ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရအနေဖြင့် နိုင်ငံရေး သမားများ၏ လုံခြုံရေးဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ရန် ဖိအားများရှိလာနေသည်။ ပြည်ထဲရေးဝန်ကြီး မာမွတ်က သံသယရှိသူသည် အစိုးရ၏ အကြမ်းဖက်မှု ကြိုတင်ကာကွယ် ရေး အစီအစဉ်ဖြစ်သည့် ‘Prevent’ တွင် ပါဝင်သူမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ပြည်သူများအနေဖြင့် အရေး ကြီးသော သတင်းအချက်အလက်များ ရှိပါက အမြန်ဆုံး အကြောင်းကြားပေးရန် တိုက်တွန်းထားသည်။

     လက်ရှိတွင် အဆိုပါလုပ်ကြံမှုသည် ဗြိတိန်နိုင်ငံ၏ လုံခြုံရေးနှင့် ဒီမိုကရေစီစနစ်အပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခု ဖြစ် သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။

Telegram»…  https://t.me/positiveanglenews

#PAN