(မှုခင်း) ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့တို့တွင် ငွေကျပ် ၃ ဒသမ ၇၁၃၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။ဇူလိုင်လ ၆ ရက်နေ့ ည၉နာရီ အချိန်တွင်ရမည်းသင်းမြို့၊ သီလဝ(၃)ရပ်ကွက်ရှိ ချစ်မိုးဆန်း ၏ နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရဝင်ရောက်ရှာဖွေရာ ၎င်းအား စိတ်ကြွဆေးပြား ၂၃ ဒသမ ၄ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၅၁ ဘီလီယံ)၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ နံနက်၁၀နါရီခွဲ အချိန်တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် မောင်သိန်း(ခ)ချစ်တီး အား ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ဇင်မျိုးအောင်(ခ)ဖိုးလ အား ရမည်းသင်းမြို့နယ်၊ သဲချောင်းကျေးရွာရှိ နေအိမ်၌ NISSAN TERRANO အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်းကောင်း ဖမ်းဆီးရမိသည်။အလားတူ ယင်းနေ့ ည၇နာရီခွဲ အချိန်တွင် ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်တွင် ဇင်ထက်အောင်(ခ)ကိုဇင် နှင့် စိုင်းထက်သွေး တို့အား ဘိန်းဖြူ ၈ ဒသမ ၁၄ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၂,၀၃၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၇၁၃၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မူးချစ်မိုးဆန်း(၃၆)နှစ်၊ မောင်သိန်း(ခ)ချစ်တီး(၄၅)နှစ်၊ ဇင်ထက်အောင်(ခ)ကိုဇင်(၃၅)နှစ် နှင့် စိုင်းထက်သွေး(၂၁)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Telegram….https://t.me/positiveanglenews#PAN