အပစ်အခတ်ရပ်စဲရေးကို အစ္စရေး ဆက်လက်ချိုးဖောက်၊ ဂါဇာကမ်းမြောင် ဒေသတစ်ဝန်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိ

(နိုင်ငံတကာ) ဇူလိုင် ၁၄

   အစ္စရေးနိုင်ငံသည် အောက်တိုဘာလက သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ထပ်မံချိုးဖောက်လျက် ဂါဇာကမ်းမြောင်ဒေသတစ်ဝန်းသို့ လေ ကြောင်းနှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက် ခိုက်လျက်ရှိရာ ပါလက်စတိုင်းပြည်သူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များအရ သိရသည်။               

     တနင်္လာနေ့အတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် ဂါဇာမြို့တောင်ပိုင်း၊ တယ်လ်အယ်လ်ဟာဝါ (Tal al-Hawa) ရပ်ကွက်ရှိ ဆိုင်ကယ်တစ်စီးအား အစ္စရေး၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၂၈ နှစ်အရွယ် အိုဆာမာ နမ် ရှမ်လာခ် အပါ အဝင် ပါလက်စတိုင်းများ ထိခိုက်သေဆုံးခဲ့သည်။

     ထို့အပြင် ဂါဇာမြို့ အနောက်မြောက်ပိုင်းရှိ ရဲကင်းစခန်းတစ်ခုကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ရဲအရာရှိ ၄ ဦး ဒဏ် ရာရရှိခဲ့ပြီး၊ ဒဏ်ရာပြင်းထန်သူ အသက် ၃၆ နှစ်အရွယ် သာအာ ရမ်ဇီ ဖာယာဒ်မှာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

  အခြားတိုက်ခိုက်မှုများတွင် ခန်းယွန်းနစ် (Khan Younis)ရှိ အယ်လ်မဝါစီဒေသတွင် ခိုလှုံနေသော နေရပ်စွန့်ခွာသူများ၏ တဲများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အဇ်-ဇာဝါဒါမြို့၌ ယာဉ်တစ်စီးကို ပစ်မှတ်ထားခြင်းနှင့် မာဂါဇီ ဒုက္ခသည်စခန်းအတွင်း တိုက်ခန်းများကို ပစ်ခတ်ခြင်းတို့ ပါဝင်သည်။               

     အစ္စရေးတပ်ဖွဲ့များသည် ဂါဇာအတွင်း ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများကို တဖြည်းဖြည်းချင်း တိုးချဲ့လျက်ရှိသည်။ အထူးသဖြင့် ဂါဇာ၏ အဓိကလမ်းမကြီးဖြစ်သော ဆလာအယ်လ်ဒင် (Salah al-Din) လမ်းမကြီးအနီးအထိ ကွန်ကရစ်တုံးများဖြင့် ပိတ်ဆို့ကာ နယ်မြေတိုးချဲ့လာခြင်းသည် အရပ်သားများအတွက် ကြီးမားသော စိုးရိမ်မှုကို ဖြစ်ပေါ်စေလျက်ရှိသည်။

     အပစ်အခတ်ရပ်စဲရေးအရ သတ်မှတ်ထားသော “အဝါရောင်မျဉ်း” (Yellow Line) ကို အစ္စရေးက အကြိမ်ကြိမ် ကျော်လွန်တိုးချဲ့နေပြီး နယ်နိမိတ်အနီးသို့ ရောက်ရှိလာသူများကို ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ပါလက်စတိုင်းများက ပြောကြား သည်။              

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ယနေ့အထိ အစ္စ ရေး၏ စစ်ဆင်ရေးများကြောင့် ပါလက်စတိုင်း ၇၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ ဂါဇာကျန်းမာရေးဝန်ကြီး ဌာန၏ အချက် အလက်များအရ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကြောင့်ပင် သေဆုံးသူ ၁,၁၀၈ ဦးနှင့် ဒဏ်ရာရသူ ၃,၅၇၈ ဦး ရှိလာပြီဖြစ်သည်။                        

     အစ္စရေးအနေဖြင့် တိုက်ခိုက်မှုများကို လျှော့ချမည့် အရိပ် အယောင်မရှိဘဲ ဖျက်ဆီးခံထားရသော ဂါဇာနယ်မြေအတွင်း ပစ် ခတ်မှုများကို ဆက်လက်လုပ်ဆောင်နေခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေလျက်ရှိသည်။           

Telegram»… https://t.me/positiveanglenews

#PAN