
(နိုင်ငံတကာ) ဇူလိုင် ၁၄
ထိုင်းနိုင်ငံ၊ ဖက်ချာဘွန်း (Phetchabun) ပြည်နယ်၊ စီသက် (Si Thep) ခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရန်လိုနေသော သားဖြစ်သူ၏ အနိုင်ကျင့်နှိပ်စက်မှုကို ခံစားရပြီးနောက် အိမ်မှထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးကို တူးမြောင်းတစ်ခုအတွင်း သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူမှာ ဆိုဖာ (Sopha) ဖြစ်ပြီး ၎င်းသည် ဇူလိုင်လ ၇ ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ဇနီးဖြစ်သူမှာ ဘန်ကောက်မြို့၌ အလုပ်လုပ်ကိုင်နေစဉ် ခင်ပွန်းဖြစ်သူ ပျောက်ဆုံးကြောင်း သတင်းရသဖြင့် ချက်ချင်းပြန်လာ၍ ဒေသ ခံများနှင့်အတူ ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဇူလိုင်လ ၁၂ ရက်နေ့၌ ရွာသူကြီး၏ လက်ထောက်ဖြစ်သူက ၎င်းတို့နေအိမ်မှ သုံးကီလိုမီတာခန့်အကွာရှိ တူးမြောင်းအတွင်း မှောက်လျက်အနေ အထားဖြင့် သေဆုံးနေသော ဆိုဖာ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူ၏ ထွက်ဆိုချက်အရ ဆိုဖာသည် မျက်လုံးတစ် ဖက် ကွယ်နေသူဖြစ်ပြီး မူးယစ်ဆေးဝါးကြောင့် အလွန် အမင်း ရန်လိုနေသည့် အသက် ၂၈ နှစ်အရွယ် သားဖြစ်သူကို အလွန်ကြောက်ရွံ့နေကြောင်း သိရသည်။ သားဖြစ်သူသည် မူးယစ်ဆေးဝါးဖိုးရရှိရန်အတွက် ဖခင်ဖြစ်သူကို ဒေသခံများထံမှ ခိုးယူခိုင်းစေခြင်းအပါအဝင် အနိုင်ကျင့်မှုများ ပြုလုပ်လေ့ရှိသည်။ ထိုအခြေအနေကို သည်းမခံနိုင်တော့သဖြင့် ဇနီးဖြစ်သူမှာ ဘန် ကောက်မြို့သို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ရုပ်အလောင်း၏ လက်နှင့်ခြေထောက်များတွင် ဒဏ်ရာများ တွေ့ရှိရသော်လည်း အဆိုပါဒဏ်ရာများ မည်သို့ဖြစ်ပွားခဲ့သည်ကို လက်ရှိအချိန်အထိ မဆုံးဖြတ်နိုင်သေးပေ။ သေဆုံးရသည့် အကြောင်းရင်းကို အတိအကျ သိရှိနိုင်ရန် ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် ပေးပို့ထားသည်။

ရွာသူကြီး၏ လက်ထောက်ဖြစ်သူက ဆိုဖာ၏ အမြင်အာရုံချို့တဲ့မှုကြောင့် တူးမြောင်းအထိ တစ်ဦးတည်းသွား ရောက်ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ သို့သော် သားဖြစ်သူကမူ ဖခင်အား ရိုက်နှက်နှိပ်စက်ခြင်းမရှိကြောင်းနှင့် ဖခင်ဖြစ်သူ မည်သို့သေဆုံးသည်ကို မသိရှိကြောင်း ငြင်းဆိုထားသည်။
လက်ရှိတွင် စီသက်ရဲစခန်းမှ တာဝန်ရှိသူများက အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ အမှုအား ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Telegram»… https://t.me/positiveanglenews
#PAN