Click-160 ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဝင်တိုက်၊ ယာဥ်မောင်းသေဆုံး

(မှုခင်း) ဇူလိုင် ၁၄

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ဇူလိုင် ၁၂ ရက် ညနေပိုင်းက အမျိုးသား ၂ ဦး လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇူလိုင်လ ၁၂ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ထူးအောင်သော်လင်း မောင်းနှင်ပြီး နောက်တွင် ထက်မြတ်ဝင်း လိုက်ပါစီးနင်းလာသော Click-160 အနက်ရောင် ဆိုင်ကယ်သည် ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမရှေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းမျောအား ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး လိုက်ပါစီးနင်းသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း ထူးအောင်သော်လင်းမှာ နဖူးပေါက်ပြဲဒဏ်ရာနှင့် ယာလက်မောင်းပွန်းပဲ့ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး၊ လိုက်ပါစီးနင်းသူ ထက်မြတ်ဝင်းမှာ ခြေထောက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား ပေါ့ဆစွာ မောင်းနှင်မှုကြောင့် မိမိအားသေဆုံးပြီး အခြားသူအား ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် ယာဉ်မောင်း ထူးအောင်သော်လင်းအား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Telegram….https://t.me/positiveanglenews#PAN