ကလေးမြို့တွင် ငွေကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သိန်း ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သိန်း ဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက်၅နာရီ အချိန်က ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ထက်အောင်နိုင်(ခ)ကိုထက် ၏ နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ၎င်းအား စိတ်ကြွဆေးပြား ၁၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၅နာရီခွဲ အချိန်တွင် ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ နယ်မြေ(၄)ရှိ မနှင်းအိဖြူ(ခ)အိဖြူ(ခ) အငယ်မ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မမေသဇင်မိုး(ခ)ထူကြီး၊ ရဲလင်း နှင့် စိုးမိုးနိုင် တို့အား စိတ်ကြွဆေးပြား ၆ ဒသမ ၉ သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၈နာရီ အချိန် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ နယ်မြေ(၃)နေ ခင်မောင်ဦး(ခ)ဖက်တီး အား စိတ်ကြွဆေးပြား ၉,၉၉၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စုစုပေါင်း စိတ်ကြွဆေးပြား ၇ သိန်းအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိတရားခံများဖြစ်သည့် ထက်အောင်နိုင်(ခ)ကိုထက်(၃၉)နှစ်၊ မနှင်းအိဖြူ(ခ)အိဖြူ(ခ)အငယ်မ(၃၄)နှစ်၊ မမေသဇင်မိုး(ခ)ထူကြီး(၃၂)နှစ်၊ ရဲလင်း(၂၆)နှစ်၊ စိုးမိုးနိုင်(၂၂)နှစ် နှင့် ခင်မောင်ဦး(ခ)ဖက်တီး(၃၆)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN