လိုင်းဆွဲဖို့ ထည့်ပေးတဲ့ ဓာတ်ငွေ့ကို လိုင်းမဆွဲဘဲ တစ်ခြားကားကို ရောင်းချခဲ့တဲ့ YBS ကားနဲ့ ဝယ်ယူတဲ့ကားကို ဓာတ်ငွေ့ဖြည့်ခွင့် ပိတ်

(ပြည်တွင်း) ဇူလိုင် ၉

လိုင်းပြေးဆွဲဖို့ ထည့်ပေးတဲ့ သဘာဝဓာတ်ငွေ့ (CNG) ကို လိုင်းမဆွဲဘဲ တစ်ခြားကားကို တရားမဝင် ရောင်းချခဲ့တဲ့ YBS ကားနဲ့ ဓာတ်ငွေ့ကို တရားမဝင်ဝယ်ယူခဲ့တဲ့ကား နှစ်စီးလုံး အရေးယူတဲ့အနေနဲ့ ဓာတ်ငွေ့ဖြည့်သွင်းခွင့်ကို ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဓာတ်ငွေ့ဖြည့်ခွင့် ပိတ်သိမ်းခံခဲ့ရတဲ့ကားတွေမှာ YBS-65 နံတ်ပါတ်ကို တပ်ဆင်ထားတဲ့ ယာဉ်အမှတ် (2I-2957)နဲ့ ယာဉ်အမှတ်(6F-3682)တို့ ဖြစ်ပါတယ်။

YBS ယာဉ်တွေကို ပြည်သူတွေ သက်သက်သာသာနဲ့ စီးနင်းနိုင်အောင်အတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ကို ဈေးနှုန်းသက်သာစွာနဲ့ အသုံးပြုနိုင်ဖို့ အစိုးရက စီစဉ်ဆောင်ရွက်ထားသလို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ကြီးကြပ်မှုနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ ပြေးဆွဲဖို့နဲ့ ယာဉ်စီးခကိုလည်း သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံသွားဖို့ ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် YBS-65 ယာဉ်လိုင်းနံပါတ် တပ်ဆင်ထားတဲ့ ကားတစ်စီးမှာ ဓာတ်ငွေ့ထုတ်ယူနေတယ့် ပြေးဆွဲရမယ့် လိုင်းအတွင်းမှာ ပြေးဆွဲခြင်းမရှိဘဲ တောင်ဒဂုံမြို့နယ် ရွာသာကြီး အကြီးစားစက်မှုဇုန်အတွင်းမှာ စက်ရုံဖယ်ရီပြေးဆွဲနေပြီး ဓာတ်ငွေ့ကို အခြားကားတစ်စီးကို ပြန်လည်ရောင်းချတာတွေ ပြုလုပ်နေကြောင်း ပြည်သူတစ်ဦးမှ တိုင်ကြားချက်အရ သိရတာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

တိုင်ကြားချက်အရ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာမှာ ဖြည့်သွင်းခဲ့တဲ့ ဓာတ်ငွေ့တွေကို အခြားကားတစ်စီးကို ပြန်လည်ဖောက်ထုတ်ရောင်းချနေတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် YBS_65 ယာဉ်အမှတ်(2I-2957)နဲ့ (6F-3682) ခရီးသည်တင်ယာဉ် ၂ စီးကို အရေးယူတဲ့အနေနဲ့ ဇွန်လ ၃၀ ရက်နေ့ကစတင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့်ကို ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။