ဂါဇာစစ်ပွဲ ရက်ပေါင်း ၁,၀၀၀ ပြည့်ပြီ ဖြစ်သော်လည်း အပစ်အခတ်ရပ်စဲရေး မူဘောင်များ ပျက်ပြားနေဆဲဖြစ်ပြီး နယ်မြေ ၉၀ ရာခိုင်နှုန်းကျော် ပြာပုံအတိဖြစ်ကျန်ခဲ့

(နိုင်ငံတကာ) ဇူလိုင် ၂ 

    အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသအပေါ် ထိုးစစ်ဆင်နွှဲမှု သည် ယနေ့တွင် ရက်ပေါင်း ၁,၀၀၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်သော်လည်း ပဋိပက္ခများ အဆုံးသတ်ရန် ရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေး မူဘောင်များမှာ ပျက်ပြားနေဆဲဖြစ်ကြောင်းနှင့် ဂါဇာနယ်မြေ၏ ၉၀ ရာခိုင်နှုန်းကျော်မှာလည်း ပျက်စီးသွားခဲ့ရပြီဖြစ်ကြောင်း ဂါဇာအစိုးရပြန်ကြား ရေးရုံးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။                   

     ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် စစ်ပွဲစတင်ကတည်းက ပျက်စီးဆုံးရှုံးမှု ပမာဏကို တွက်ချက်လျက် ဂါဇာအစိုးရပြန် ကြားရေးရုံးက ယနေ့ကြာသပတေးနေ့တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အရ စစ်ပွဲအတွင်း အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၇၃,၀၆၆ ဦး သေဆုံးခဲ့ပြီး ယင်းအနက် ၂၁,၅၀၀ ကျော်မှာ ကလေးငယ်များ ဖြစ်ကြသည်။ ထို့ပြင် နောက်ထပ် လူပေါင်း ၉,၅၀၀ ခန့်မှာ အပျက်အစီးများအောက်တွင် ပိတ်မိမြုပ်နှံနေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူပေါင်း ၁၇၃,၅၁၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

     အစ္စရေးသည် စစ်ပွဲအတွင်း ဂါဇာပေါ်သို့ ဖောက်ခွဲရေးပစ္စည်း တန်ချိန်ပေါင်း ၂၂၃,၀၀၀ ခန့်အထိ ချပစ်ခဲ့ရာ ယင်းပမာဏမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားပေါ်သို့ အမေရိကန်က ချခဲ့သည့် အဏုမြူဗုံးပမာဏထက် ၁၆ ဆ ပိုမိုများပြားနေသည်။ ပျက်စီးသွားသည့် အဆောက် အအုံများကြောင့် ဂါဇာတွင် အပျက်အစီး တန်ချိန် ၆၈ သန်းခန့် ကျန်ရှိနေပြီး လက်ရှိရှင်းလင်းရေးနှုန်းထားအတိုင်းဆိုပါက အပျက်အစီးအားလုံး ရှင်းလင်းပြီးစီးရန် နှစ်ပေါင်း ၁၄၀ ကျော် ကြာမြင့်မည် ဖြစ် ကြောင်း ကုလသမဂ္ဂက ဆိုသည်။ ဂါဇာပြည်သူများ၏ ပျမ်းမျှသက်တမ်းမှာလည်း အသက် ၄၀ အထိ ထိုးဆင်းသွားခဲ့ရသည်။                        

     ပဋိပက္ခကို အဆုံးသတ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို ကြီးကြပ်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ထောက်ခံချက်ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် အမေရိကန်က “ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace)”ကို ဖွဲ့စည်းခဲ့သော်လည်း အစ္စရေးဘက်က လိုက်နာလာစေရန် မစွမ်းဆောင် နိုင်ခဲ့ပေ။               

    အစီအစဉ်တွင် ပါရှိသည့် အစ္စရေးတပ်ဖွဲ့များ တဖြည်းဖြည်းချင်း ရုတ်သိမ်းမည့်အစား လက်ရှိတွင် ဂါဇာနယ် မြေ၏ ၈၀ ရာခိုင်နှုန်းကို အစ္စရေးက ပိုမိုထိန်းချုပ်ထားသည်။ အစ္စရေးအစိုးရသည် ကတိပြုထားသည့် ကူညီရေးထရပ်ကားများ၏ သုံးပုံတစ်ပုံခန့်ကိုသာ ဂါဇာအတွင်းသို့ ပေးဝင်နေသဖြင့် ဂါဇာပြည်သူတစ်ရပ်လုံး ငတ်မွတ်ခေါင်း ပါးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။                

    စစ်ပွဲနောက်ထပ်အဆင့်အတွက် ညှိနှိုင်းမှုများမှာလည်း အကျပ်အတည်းဆိုက်နေဆဲဖြစ်သည်။ အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမောထရစ်ခ်ျ (Bezalel Smotrich) က “ဂါဇာနယ်မြေကို အပြီးသတ်သိမ်းပိုက်ပြီး ဂျူးအခြေချနေထိုင်သူတွေရဲ့ ကန့်သတ်နယ်မြေကို တည်ဆောက်သွားမယ်” ဟု အတိ အလင်း ပြောကြားခဲ့သကဲ့သို့၊ ဟားမတ်စ်အဖွဲ့ဘက်ကလည်း အစ္စရေး၏ သိမ်းပိုက်မှုကို အရင်ဆုံး အဆုံးသတ်ရန် တောင်းဆိုထားသည်။         

     တစ်ဖက်တွင်လည်း အစ္စရေးနိုင်ငံအတွင်း၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှု ရက်ပေါင်း ၁,၀၀၀ ပြည့် အထိမ်းအမှတ် ဆန္ဒပြမှုများကို ကြာသပ တေးနေ့က ပြုလုပ်ခဲ့ကြသည်။ သေဆုံးသူမိသားစုများနှင့် ဓား စာခံဟောင်းများ စုစည်းထားသည့် အောက်တိုဘာကောင်စီ (October Council)အဖွဲ့က ဦးဆောင်၍ “စွန့် ပစ်ခြင်း၊ လျစ် လျူရှုခြင်း၊ ဖုံးကွယ်ခြင်းနဲ့ ကျရှုံးခြင်းတို့ရဲ့ ရက်ပေါင်း ၁,၀၀၀” ဟူသော စာတန်းကို ကိုင်ဆောင်ကာ ပါလီမန် (Knesset)သို့ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးကျရှုံးမှုအပေါ် အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အစ္စရေးအစိုးရအား ဖိအားပေး တောင်းဆိုခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN