တိုးမြင့်လာသည့် AI စွမ်းအင်လိုအပ်ချက်နှင့် အမေရိကန်အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ  

(နိုင်ငံတကာ) ဇူလိုင် ၁ 

    အမေရိကန်ပြည်ထောင်စုတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မကြုံစဖူး ပြင်းထန်လှသော အပူလှိုင်းဘေး အန္တရာယ်နှင့် ရင် ဆိုင်နေရစဉ် ဉာဏ်ရည်တု(AI) နည်းပညာကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အရှိန်အဟုန်ဖြင့် မြင့်တက်နေမှုနှင့်အတူ နိုင်ငံတစ်ဝှမ်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများ စံချိန်တင် ဝန်ပိကာ အကြပ်အတည်းဆိုက်နေကြောင်း လျှပ်စစ်ဓာတ်အားလိုင်း အော်ပရေ တာများက သတိပေးလိုက်သည်။     

     ယခုသီတင်းပတ် အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ နိုင်ငံ၏ အလယ်ပိုင်းနှင့် အရှေ့ဘက်ပိုင်းဒေသများတွင် အပူလှိုင်းမှာ အပြင်းထန်ဆုံးဖြစ်လာမည်ဖြစ်ပြီး ဘော့စတွန်မှ ဝါရှင်တန်ဒီစီအထိ အပူချိန်များသည် ၃၈ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၀ ဒီဂရီဖာရင်ဟိုက်) အထက်သို့ မြင့်တက်လာမည်ဖြစ်သည်။ အချို့ဒေသများတွင် စိုထိုင်းဆကြောင့် လူတို့အမှန်တကယ်ခံစားရမည့် အပူအညွှန်းကိန်း (Heat Index) မှာ ၄၆ ဒီဂရီဆဲလ်စီးယပ်စ် (၁၁၄ ဒီဂရီဖာရင်ဟိုက်) အထိ ရှိလာနိုင်သည်။

ယခုအပူလှိုင်းသည် အမေရိကန်နိုင်ငံ၏ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးရရှိမှု ၂၅၀ ပြည့် အထိမ်း အမှတ် အားလပ်ရက်ပွဲတော်ကြီးနှင့် ဖီဖာကမ္ဘာ့ဖလား (FIFA World Cup)၏ ရှုံးထွက်အဆင့် ပွဲစဉ်များနှင့် တိုက်ဆိုင်နေသည်။ နယူးယောက်၊ ဖီလာဒဲလ်ဖီးယားနှင့် ဘော့စတွန်စသည့် ကမ္ဘာ့ဖလားအိမ်ရှင်မြို့ကြီးများတွင် လူသန်းပေါင်းများစွာ စုဝေးကာ လေ အေးပေးစက်များ အလွန်အမင်း အသုံးပြုကြမည်ဖြစ်၍ လျှပ် စစ်ဓာတ်အားလိုအပ်ချက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိရန် ခန့်မှန်းထားသည်။                 

     အမေရိကန်၏ အကြီးဆုံး ဓာတ်အားလိုင်းအော်ပရေတာ PJM က လာမည့် ကြာသပတေးနေ့ညနေပိုင်းတွင် ဓာတ် အားလိုအပ်ချက်သည် လွန်ခဲ့သော အနှစ် ၂၀ (၂၀၀၆ ခုနှစ်) က စံချိန်ဟောင်းကို ကျော်လွန်ပြီး ၁၆၆.၃ ဂီဂါဝပ်အထိ စံချိန်သစ်တင် ဝန်ပိသွားမည်ဖြစ်ကြောင်း ဆိုသည်။

     ကျွမ်းကျင်သူများ၏ အဆိုအရ လက်ရှိကြုံတွေ့နေရသည့် လျှပ်စစ်အကြပ်အတည်းမှာ ရာသီဥတုကြောင့်သာမက ChatGPT၊ Gemini နှင့် Claude ကဲ့သို့သော AI နည်းပညာများကို မောင်းနှင်နေသည့် ‘ဟိုက်ပါစကေး ဒေတာစင်တာများ’ (Hyperscale Data Centres) ကြောင့်လည်း ဖြစ်သည်။ ထိုဒေတာစင်တာကြီးတစ်ခုတည်းတင် လျှပ်စစ်ဓာတ်အား ၁၀၀ မှ ၃၀၀ မဂ္ဂါဝပ်အထိ အသုံးပြုရပြီး ယင်းသည် သာမန်အိမ်ခြေ ထောင်ပေါင်းများစွာကို လျှပ်စစ်ဓာတ်အားပေးနိုင်သည့် ပမာဏဖြစ်သည်။         

     ထို့ပြင် သုတေသနပညာရှင်များက AI ဒေတာစင်တာများ စုပြုံတည်ရှိရာ ဗာဂျီးနီးယားမြောက်ပိုင်းကဲ့သို့ ဒေသများတွင် ဒေတာစင်တာများကြောင့် ပတ်ဝန်းကျင်မြေပြင်အပူချိန် ၂ ဒီဂရီဆဲလ်စီးယပ်စ်မှ ၉ ဒီဂရီဆဲလ်စီးယပ်စ်အထိ ပိုမိုပူပြင်းလာခဲ့ကြသည်။ တစ်ဖက်တွင်လည်း လျှပ် စစ်ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ရန် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကထက် အချိန်နှစ်ဆ၊ ကုန်ကျ စရိတ်နှစ်ဆ ပိုမိုကုန်ကျနေသဖြင့် လျှပ်စစ်ထောက်ပံ့မှုနှင့် လိုအပ်ချက်အကြား အလွန်အကျူး မမျှမတ ဖြစ်နေသည်။

     အမေရိကန်အမျိုးသားမိုးလေဝသဌာနက ပြည်သူများအနေ ဖြင့် ပြင်ပလှုပ်ရှားမှုများကို ကန့်သတ်ရန်နှင့် ရေဓာတ်ပြည့်ဝစွာ နေထိုင်ကြရန် တိုက်တွန်းထားသည်။ American Medical Association (JAMA) ဂျာနယ်၏ ထုတ်ပြန်ချက်အရ အမေရိကန်တွင် ရာသီဥတုပူပြင်းမှုကြောင့် သေ ဆုံးသူအရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာတင် လူပေါင်း ၂,၃၂၅ ဦးအထိ အပူဒဏ်ကြောင့် သေဆုံးခဲ့ရကြောင်း သတိပေးဖော်ပြထားသည်။                

Telegram»…
https://t.me/positiveanglenews

#PAN