
(နိုင်ငံတကာ) ဇူလိုင် ၁
ကမ္ဘာပေါ်တွင် လုံခြုံရေးအကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံးနေရာအဖြစ် လူသိများသည့် သန်းကြွယ်သူဌေးများ ခြေကုပ်ယူရာ မိုနာကို (Monaco) နိုင်ငံတွင် ပြင်းထန်သော ပါဆယ်ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ယူကရိန်းဆောက်လုပ်ရေး သူဌေးကြီး ဗာဒင် ယာမိုလာယက်ဗ် (Vadym Yermolaiev) အပါ အဝင် မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ သို့သော် ယခုဖြစ် စဉ်တွင် “အကြမ်းဖက်မှု” ဆိုင်ရာ လက္ခဏာနှင့် မည်သည့်အထောက်အထားမျှ မတွေ့ရှိရကြောင်း မိုနာကိုအာဏာပိုင်များက အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
တနင်္လာနေ့ ညနေစောင်းအချိန်က အနက်ရောင်ဂျာကင်ဦး ထုပ်အနက်ဆောင်းကာ မျက်နှာကို တစ်စိတ်တစ်ပိုင်း ဖုံး ကွယ်ထားသည့် အမျိုးသားတစ်ဦးသည် လူနေအဆောက် အအုံတစ်ခု၏ အဝင်ဝတွင် ပါဆယ်ထုပ်တစ်ခုကို ထားပစ်ခဲ့ပြီးနောက် ခြေလျင်ထွက်ပြေးသွားခဲ့သည်။ ထို့နောက် ၎င်းတိုက်ခန်းတွင် နေထိုင်သည့် အဆိုပါ ယူကရိန်းမိသားစု အိမ်သို့ ပြန်လာပြီး တံခါးခုံကို ဖြတ်ကျော်ဝင်ရောက်စဉ် ပါဆယ်ထုပ်မှာ ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
မိုနာကိုအစိုးရရှေ့နေ စတီဖန် သီဘိုး (Stephane Thibault)က လက်ရှိတွင် ရဲတပ်ဖွဲ့အနေဖြင့် ယခုဖြစ်စဉ်ကို “လူသတ်မှုမြောက်ရန် ကြိုးပမ်းမှု” ဖြင့် သီးခြားစုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ထားသော်လည်း အများပြည်သူကို ပစ် မှတ်ထားသည့် အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း၊ ထွက် ပြေးသွားသည့် သံသယရှိသူသည် တစ် ကိုယ်တော် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦးအနက် အမျိုးသမီးတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး ၎င်း၏အဖော်နှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့မှာမူ ဆေးရုံတွင် ကုသမှုခံယူနေရသည်။ ၎င်းတို့သည် မိသားစုဝင်များဖြစ်ကြပြီး ယူကရိန်းနွယ်ဖွားများဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားကာ ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကို ဆက်လက်စစ်ဆေးနေသည်။
ဒဏ်ရာရရှိသူများထဲတွင် ပါဝင်သည့် မိုနာကိုအခြေစိုက် သန်းကြွယ်သူဌေးကြီး ယာမိုလာယက်ဗ်သည် ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယား (Crimea) ဒေသ၌ ၎င်း၏ အရက်ချက်လုပ်ငန်း လုပ်ကိုင်မှုများကြောင့် ရုရှားနှင့် ပတ်သက်နေသည်ဟု စွပ်စွဲချက်ဖြင့် ၂၀၂၃ ခုနှစ် ဒီဇင် ဘာလကတည်းက ယူကရိန်းအစိုးရ၏ စီးပွားရေးပိတ်ဆို့အရေးယူမှု (Sanctions) ခံထားရသူဖြစ်သည်။ ထို့ကြောင့် ယခုဖြစ်စဉ်မှာ နိုင်ငံရေးအရ သို့မဟုတ် စီးပွားရေးအရ ရန်ငြိုးဖြင့် သီးသန့်ပစ်မှတ်ထား လုပ်ကြံမှုဖြစ်နိုင်ကြောင်း မီဒီယာများက သုံးသပ်နေကြသည်။
လူဦးရေ ၃၈,၀၀၀ သာရှိပြီး အများပြည်သူဆိုင်ရာ နေရာတိုင်းနီးပါးတွင် ထောင်ပေါင်းများစွာသော လုံခြုံရေးကင်မရာ (CCTV) စောင့်ကြည့်ရေးကွန်ရက်ဖြင့် အလွန်လုံခြုံလှသည်ဆိုသော မိုနာကိုနိုင်ငံတွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ အလွန်ရှားပါးပြီး ထူးခြားသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN