ဒီအာရ်ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၇၇ ဦးအထိ ရှိလာပြီး စတုတ္ထမြောက်ပြည်နယ်သို့ပါ ထပ်မံကူးစက်ပြန့်ပွား

(နိုင်ငံတကာ) ဇွန် ၃၀ 

   ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် ဖြစ်ပွားနေသော အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကူးစက်မှုအတွင်း အတည်ပြုလူနာ အရေအတွက်သည် ၁,၃၀၇ ဦးအထိ ရှိလာပြီး ၎င်းတို့အနက် သေဆုံးသူ ၃၇၇ ဦးအထိ မြင့်တက်လာကြောင်း အစိုးရ၏ နောက်ဆုံးရ အစီရင်ခံစာများအရ သိရသည်။

  တနင်္လာနေ့ ညနက်ပိုင်းအထိ ရရှိထားသော အချက်အလက်များအရ အီဘိုလာရောဂါပိုးသည် ယခင်က ကူးစက်မှုမှတ်တမ်းတင်ထားသည့် အီတူရီ(Ituri)၊ မြောက်ကီဗူး (North Kivu)နှင့် တောင်ကီဗူး(South Kivu) ပြည်နယ် သုံးခုတင်မကဘဲ ယခုအခါ စတုတ္ထမြောက် ပြည်နယ်တစ်ခုဖြစ်သော ဟော့တ်ယူအီလီ (Haut-Uele) ပြည်နယ်သို့ပါ ထပ်မံပျံ့နှံ့သွားပြီဖြစ်ကြောင်း AFP သတင်းဌာနက ဖော် ပြသည်။

    တောင်ဆူဒန်နှင့် အာဖရိကအလယ်ပိုင်းသမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အဆိုပါ ပြည်နယ်သစ်ရှိ ကူးစက် မှုမှာ အီတူရီပြည်နယ် မြို့တော် ဗျူနီယာ (Bunia) မှ ခရီးသွားလာခဲ့သူတစ်ဦးထံမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းလူနာမှာလည်း သေ ဆုံးသွားခဲ့ပြီဖြစ်သည်။ အဆိုပါဒေသသည် လူဦးရေ ၁၅ သန်းခန့် နေထိုင်ရာ နိုင်ငံ၏ အရှေ့ မြောက်ပိုင်းဒေသတစ်ခုလုံး ဖြစ်သောကြောင့် ယခုအခါ ဒေသတွင်း ကူးစက်မှုကွင်းဆက်ကို ခြေ ရာခံရန် အာဏာပိုင်များ အရေးပေါ် ကြိုးပမ်းနေရသည်။            

     ယခု မေလက စတင်ခဲ့သော (၁၇) ကြိမ်မြောက် အီဘိုလာဗိုင်းရပ်စ် ပြန့်ပွားမှု၏ ဗဟိုချက်မှာ ပဋိပက္ခများဖြစ်ပွားနေသည့် အီတူရီပြည်နယ်ဖြစ်သည်။ ၎င်းဗိုင်းရပ်စ်သည် ရောဂါပိုးကူးစက်နိုင်စွမ်း မြင့်မားလွန်းသော ရုပ်အလောင်းများကို ကိုင်တွယ်မိကြသည့် ဈာပနအခမ်းအနားများမှတစ်ဆင့် အဓိက ပြန့်ပွားနေခြင်း ဖြစ်သည်။ ကွန်ဂိုနိုင်ငံ၏ ရိုးရာဓလေ့အရ ဈာပနများသည် ရက်ပေါင်းများစွာ ကြာမြင့်လေ့ရှိပြီး ဆွေးမျိုးမိတ်ဆွေများက ရုပ်အလောင်းကို ထိတွေ့ကိုင်တွယ်လေ့ရှိကြသည်။              

     ကျန်းမာရေးနှင့် ကယ်ဆယ်ရေးလုပ်သားများသည် ဘေးကင်းသော သင်္ဂြိုဟ်မှုများ ပြုလုပ်ရန် ကြိုးပမ်းနေသော် လည်း ဒေသခံလူထု၏ မယုံကြည်မှုများနှင့် ရင်ဆိုင်နေရသည်။ အီတူရီပြည်နယ် ရမ်ပါရာ (Rwampara) ကုသရေးစင်တာများတွင် ကျန်းမာရေးဝန်ထမ်းများအတွက် ကာ ကွယ်ရေးဝတ်စုံ၊ ဆေး ဝါး၊ အမြန်စစ်ဆေးရေးကိရိယာများနှင့် လူသေအလောင်းထည့်သည့်အိတ်များ လုံလောက်စွာ မရှိသည့်အပြင်၊ ပြီးခဲ့သည့်လက ဒေါသထွက်နေသော လူအုပ်စု၏ ကုသရေးစင်တာတဲများကို မီးရှို့တိုက်ခိုက်မှုမျိုးနှင့်ပါ ရင်ဆိုင်ခဲ့ရကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဆိုသည်။                     

     ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ကွန်ဂိုအစိုးရသည် ပြီးခဲ့သည့် စနေနေ့က မြို့တော် ကင်ရှာဆာ (Kinshasa) အပါအဝင် ပြည်နယ် ၄ ခုတွင် လူထုစုဝေးခွင့်များကို အရေးပေါ် ပိတ်ပင်တားမြစ်ခဲ့သည်။ သို့သော်လည်း ယင်းပိတ်ပင်ချက်သည် လာမည့် ဇူလိုင်လ ၈ ရက်နေ့တွင် မြို့တော်၌ ပြုလုပ်ရန် စီစဉ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန့်ကျင်ကန့်ကွက်ပွဲ မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် အတိုက်အခံနိုင်ငံ ရေးသမားများက အစိုးရ၏ အမိန့်မှာ ကျန်းမာရေးထက် “နိုင်ငံ ရေးအရ ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ခြင်း” ဖြစ်သည်ဟု စွပ်စွဲကန့်ကွက်မှုများ ထွက်ပေါ်နေသည်။                   

Telegram»…
https://t.me/positiveanglenews

#PAN