
(မှုခင်း) ဇွန် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ငွေစက္ကူအတုများနှင့်အတူ လက်ဝယ်ကိုင်ဆောင်သူ တရားခံ ၃ဦးအား ဖမ်းမိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၆ ရက်နေ့ လားရှိုးမြို့၊ ရပ်ကွက်(၄)၊ ရေကန်အမှတ်(၇) အနီး၌ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ စောင့်ဆိုင်းနေစဥ် ရေကန်အရှေ့ တောစပ်ဘက်မှ ရေကန်တောင် လမ်းမပေါ်သို့ လမ်းလျှောက်လာသူ အောင်ဝင်း (ခ) လီရှာအန်း အား ရှာဖွေစစ်ဆေးရာ ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၁၂၅ ရွက်ကို တွေ့ရှိခဲ့သည်။
ဆက်လက်ပြီး အောင်ဝင်း (ခ) လီရှာအန်းအား စစ်ဆေးခဲ့ရာ ၎င်းငွေစက္ကူအတုများကို ရွှေထွန်း နှင့် ဝမ်ကျူးလန် တို့ထံမှ ရရှိသည်ဟု သိရသဖြင့် ရဲတပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ ရပ်ကွက်(၅)ရှိ အိမ်ပျက် အတွင်းသို့ ဝင်ရောက် ရှာဖွေခဲ့ရာ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၂၇ ရွက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေစက္ကူအတုများအား လက်ဝယ် ထားရှိပြီး ရောင်းချ၊ အသုံးပြုသူ လီရှာအန်း၊ ရွှေထွန်းနှင့် ဝမ်ကျူးလန်တို့အား လားရှိုးမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။