
(ပြည်တွင်း) ဇွန် ၂၇
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ “ပြည့်ဝ” ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး နေအိမ်အတွင်း၌ ဓားဒဏ်ရာ အများအပြားဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူ အလုပ်သမားဟောင်း နှစ်ဦးကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်တွင် အဆိုပါ ကုန်စုံဆိုင်ပိုင်ရှင် လင်မယားထံသို့ လွန်ခဲ့ သော ၈ လခန့်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အလုပ်မှထုတ်ပယ်ခံထားရသည့် အလုပ်သမားဟောင်း နှစ်ဦးက “မိသားစုအခက်အခဲကြောင့် ငွေကြေးကူညီပါ” ဟု ဖုန်းဆက်၍ အကူအညီတောင်းခံခဲ့သည်။ သဘောကောင်းသော ဆိုင်ရှင်လင်မယားက သနားစိတ်ဖြင့် နေအိမ်သို့ ငွေလာယူရန် ခေါ်ယူခဲ့စဉ် အလုပ်သမားဟောင်းများက အငြိုးအတေးဖြင့် ဓားဖြင့် ဝိုင်းဝန်းလုပ်ကြံခဲ့ကြခြင်း ဖြစ်သည်။
ဆိုင်ရှိ လက်ရှိလုပ်ကိုင်နေသော အလုပ်သမားများက နေအိမ်ပေါ်သို့ တက်ရောက်ကြည့်ရှုချိန်တွင်မှ ဧည့်ခန်းအတွင်း သွေးသံရဲရဲဖြင့် လဲကျသေဆုံးနေသည့် ဆိုင်ရှင်လင်မယားကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ဓားဒဏ်ရာများကို စစ်ဆေးချက်အရ ဇနီးဖြစ်သူတွင် ဓားဒဏ်ရာ ၁၅ ချက်ထက်မနည်း နှင့် ခင်ပွန်းဖြစ်သူတွင် ဓားဒဏ်ရာ ၉ ချက်ထက်မနည်း ပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။


ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးသွားသော တရားခံများကို ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် အမြန်ဆုံး အတည်ပြုချက်ရယူကာ ရှာဖွေခဲ့ရာ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေသည့် အလုပ်သမားဟောင်းများဖြစ်သော ကိုဗိုလ်စော (ခ) မျိုးဇော နှင့် ငမျိုး (ခ) မျိုးဇော်အောင် တို့ကို ဖမ်းဆီးရမိခဲ့သည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးအား ဒလမြို့မရဲစခန်း၌ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) ဖြင့် အမှုဖွင့်လှစ်ကာ ထိရောက်စွာ အရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN