ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်သစ်အတွက် လက်မှတ်များကို မီးရထားဘူတာများတွင် ရောင်းချမည်မဟုတ်ဘဲ အွန်လိုင်းစနစ်တစ်ခုတည်းဖြင့်သာ သီးသန့်စတင်ရောင်းချမည်

(ပြည်တွင်း) ဇွန် ၂၄                                 

   မြန်မာ့မီးရထားမှ အသစ်ပြေးဆွဲမည့် ရန်ကုန်-မော်လမြိုင် DEMU (Diesel Electric Multiple Unit) ရထားခရီးစဉ်များအတွက် ခရီးသည်တင်လက်မှတ်များကို ယနေ့ (ဇွန်လ ၂၄ ရက်) မှစတင်ကာ အွန်လိုင်းစနစ်(ORTP) ဖြင့်သာ အပြည့်အဝ ပြောင်း လဲရောင်းချပေးနေပြီဖြစ်ကြောင်း မော်လမြိုင်မီးရထားဘူတာမှ သိရသည်။         

   ယခု ရန်ကုန်-မော်လမြိုင် လမ်းပိုင်းသည် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် လမ်းပိုင်းများပြီးနောက် မီးရထားလက် မှတ်များ အွန်လိုင်းမှ ဝယ်ယူခြင်းနှင့် ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System – ORTP) ကို တိုးချဲ့အသုံးပြုသည့် တတိယမြောက် လမ်းပိုင်း ဖြစ်လာသည်။       

    “ဒီ ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်ကို လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ ခရီးစဉ်မတိုင်ခင် (၇) ရက်အလို ဖြစ်တဲ့ ဇွန်လ ၂၄ ရက် ဒီနေ့ကစပြီး ကြိုတင်ရောင်းချပေးနေပါပြီ။ ထူးခြားချက်ကတော့ လက်မှတ်တွေကို အွန်လိုင်းစနစ်တစ်ခုတည်းကနေပဲ သီးသန့်ရောင်းချပေးသွားမှာဖြစ်ပြီး မီးရထားဘူတာတွေရဲ့ လက်မှတ်အရောင်းကောင်တာတွေမှာ လူကိုယ်တိုင်လာဝယ်လို့ ရမှာမဟုတ်ပါဘူး။ မော်လမြိုင်အခြေစိုက် ပြေးဆွဲမယ့် ရထားနှစ်စင်းစလုံးအတွက် လက်မှတ်အားလုံးကို အွန်လိုင်းကနေပဲ ဝယ် ယူရမှာပါ” ဟု မော်လမြိုင်မီးရထားဘူတာမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

​     ခရီးသည်များအနေဖြင့် အဆိုပါ ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်ခနှုန်းထားများကို ရိုးရိုးတန်း (First Class) အတွက် ခန့်မှန်းခြေ ကျပ် ၁၆,၀၀၀ နှင့် အထက်တန်း (Upper Class) အတွက် ကျပ် ၂၂,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မျှော်လင့်ရသည်။

    ယခုကဲ့သို့ စမတ်ကျပြီး ခေတ်မီသည့် အွန်လိုင်းလက်မှတ်စနစ်သို့ ပြောင်းလဲလိုက်ခြင်းကြောင့် ခရီးသွားပြည်သူများအနေဖြင့် ဘူတာရုံများတွင် တန်းစီစောင့်ဆိုင်းရသည့် အချိန်ကုန်လူပန်းဖြစ်မှုများကို လျှော့ချနိုင်မည့်အပြင် ရထားလက်မှတ်မှောင်ခို ဈေးကွက်ကိုပါ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ခရီး သွားပြည်သူများက သုံးသပ်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN