ဘတ်စ်လိုင်း၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့် ဆေးရုံလိုအပ်ချက်များ လွှတ်တော်တွင်မေးခွန်းတင်

(လွှတ်တော်) ဇွန် ၂၂

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးအစတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ နေရာယူကာ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ပြီး (၁၂) ရက်မြောက်နေ့ အစီအစဉ်များကို တရားဝင်ကြေညာခဲ့သည်။ ထို့ပြင် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းကို ဆောင်ရွက်ခဲ့ပြီး ကိုယ်စားလှယ်များ၏ တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခဲ့သည်။

ထို့နောက် ကြယ်ပွင့်ပြထားသည့် မေးခွန်းများအရ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် မေးမြန်းခဲ့ကြပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။

ဒေါက်တာအောင်ကြီး (ကျိုက်လတ်မဲဆန္ဒနယ်) က နေပြည်တော်ကောင်စီနယ်မြေအတွင်း အများပြည်သူ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်ရေးအတွက် ဘတ်စ်လိုင်းကားများ ပြေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့သည်။

ဦးရဲထွဋ်အောင် (မင်းလှမဲဆန္ဒနယ်) က တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား အခွန်ငွေ သတ်မှတ်ပေးသွင်းစေပြီး ဥပဒေနှင့်အညီ တရားဝင်လိုင်စင်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ကို မေးမြန်းခဲ့သည်။

ဦးစောဟေသားကြီး (သံတောင်ကြီးမဲဆန္ဒနယ်) ကလည်း လိုင်စင်မဲ့ဆိုင်ကယ်များအား ပြန်လည်လိုင်စင်ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကို မေးမြန်းခဲ့ပြီး မလုပ်နိုင်ပါက အကြောင်းရင်းများကို သိရှိလိုကြောင်း တင်ပြခဲ့သည်။

ဦးလှဆွေ (ပုဗ္ဗသီရိမဲဆန္ဒနယ်) က တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးရာသီအတွင်း ကမ်းပါးများ ရေတိုက်စားမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် သစ်ဆိန်ပင်ကျေးရွာ (၈၅၀ ပေ)၊ ဖောင်းတောကျေးရွာ (၁၅၀၀ ပေ)၊ အနော်ရထာရပ်ကွက် တံတားအထက် (၁၀၀၀ ပေ) နှင့် တံတားအောက် (၁၅၀၀ ပေ)၊ လက်ပံကုန်းကျေးရွာ (၇၀၀ ပေ)၊ ရှောက်ကုန်းကျေးရွာ (၉၀၀ ပေ) တို့တွင် ကမ်းထိန်းနံရံများ ဆောက်လုပ်ပေးနိုင်ရေးအတွက် ရေတိုနှင့် ရေရှည်အစီအစဉ်များ ရှိ၊ မရှိကို မေးမြန်းခဲ့သည်။

ဦးဝင်းဆွေ (ခရမ်းမဲဆန္ဒနယ်) က ခရမ်းမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန် (၁၁) ဦးနှင့် သူနာပြု (၂၀) ဦး လိုအပ်နေသဖြင့် ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့သည်။

ဦးစိုင်းဆန်စိန် (တန့်ယန်းမဲဆန္ဒနယ်) က တန့်ယန်းမြို့ ပြည်သူ့ဆေးရုံအား (၂၅) ခုတင်ဆံ့မှ (၅၀) ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့သည်။

ဦးခင်မောင်ထွန်း (ဖောင်းပြင်မဲဆန္ဒနယ်) က ဖောင်းပြင်မြို့ရှိ (၅၀) ခုတင်ဆံ့ ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦးသာ ရှိနေပြီး သွားဆရာဝန်နှင့် အခြား ဆေးပညာဝန်ထမ်းများ လိုအပ်နေသဖြင့် ဖြည့်ဆည်းပေးမည့် အချိန်ကာလကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ဦးထွန်းထွန်းနိုင် (စဉ့်ကိုင်မဲဆန္ဒနယ်) က စဉ့်ကိုင်မြို့နယ် ရွှေလှံဗိုလ် (ကံအောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု လိုအပ်နေသဖြင့် ဖွင့်လှစ်ပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့သည်။

အစည်းအဝေးအဆုံးတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက (၁၂) ရက်မြောက်နေ့ အစည်းအဝေးကို ရပ်နားကြောင်း ကြေညာခဲ့ပြီး (၁၃) ရက်မြောက်နေ့ အစည်းအဝေးကို ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ထုတ်ပြန်ကြေညာခဲ့သည်။