အီဘိုလာကြောင့် ရဝမ်ဒါ-ကွန်ဂိုနယ်စပ် ဂိတ်ပိတ်လိုက်သဖြင့် အသေးစားကုန်သည် သောင်းနှင့်ချီ အကျပ်ရိုက်၊ ပြည်သူ့ကျန်းမာရေးနှင့် အသက်ရှင်ရပ်တည်ရေး အား ပြိုင်နေဟုဆို

(နိုင်ငံတကာ) ဇွန် ၂၂                                  

     ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ (DRC) အရှေ့ပိုင်း ဂိုမာမြို့ (Goma) ၌ အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး တွေ့ရှိကြောင်း အတည်ပြုပြီးနောက် အိမ်နီးချင်း ရဝမ်ဒါနိုင်ငံက နယ်စပ်ဂိတ်များကို ရုတ်တရက် ပိတ်ဆို့လိုက်ခြင်းကြောင့် နေ့စဉ်နှင့်အမျှ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအပေါ် မှီခိုနေရသည့် ကွန်ဂိုနှင့် ရဝမ်ဒါ နိုင်ငံသား အသေးစားကုန်သည် သောင်းနှင့်ချီ၍ စားဝတ်နေရေး အကြီးအကျယ် အကျပ်ရိုက်လျက်ရှိကြောင်း သိရသည်။

     ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ ဂိုမာမြို့နှင့် ရဝမ်ဒါနိုင်ငံ ဂျီဆန်ရီမြို့ (Gisenyi) ကို ချိတ်ဆက်ထားသည့် ‘ပိုတစ်ဘာရီယာ’ (Petite Barrière)နယ်စပ်ဂိတ်သည် နေ့စဉ် လူဦးရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြား ဖြတ်သန်းသွားလာပြီး အဓိက စားသောက်ကုန်နှင့် သီးနှံများကို အသေးစား ကုန် သွယ်မှုပြုလုပ်ရာ စီးပွားရေးအသက်သွေးကြော ဂိတ်တစ်ခု ဖြစ်သည်။

     မေလ ၁၆ ရက်က အီဘိုလာလူနာ တွေ့ရှိအပြီး နောက်တစ် နေ့တွင် ရဝမ်ဒါအာဏာပိုင်များက လွန်ခဲ့သည့် ရက် ၃၀ အတွင်း ကွန်ဂိုသို့ သွားရောက်ခဲ့ဖူးသူများကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် ပုံမှန်ကူးသန်းရောင်းဝယ်နေသည့် သားသမီး ၃ ဦးမိခင် မူရီရယ် အီဟိုရာ အပါအဝင် ကုန်သည်အများအပြားမှာ နယ်စပ်ဂိတ်များ၌ လမ်းပိတ်ကာ ကုန်စည်များ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

   ဤနယ်စပ်ပိတ်ဆို့မှုအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်က ကူးစက်ရောဂါ ဖြစ်ပွားချိန်တွင် နယ်စပ်များကို လုံးဝပိတ်ပစ်ခြင်းသည် ရောဂါထိန်းချုပ်ရန် ထိရောက်မှုမရှိသည့်အပြင် ပြည်သူလူထုကို ကြီးမားသော လူမှုစီးပွား ထိ ခိုက်နစ်နာမှုများသာ ဖြစ်စေနိုင်ကြောင်း၊ နယ်စပ်ပိတ်မည့်အစား ဝင်ပေါက်ထွက်ပေါက်များတွင် စောင့်ကြည့်စစ်ဆေးခြင်း (Surveillance) နှင့် ရောဂါရှာဖွေခြင်းစနစ်များကိုသာ တင်း ကျပ်စွာ အသုံးပြုသင့်ကြောင်း သတိပေးထားသည်။                                        

   ဂိုမာမြို့ စီးပွားရေးလေ့လာဆန်းစစ်သူများကလည်း လေဆိပ် သို့မဟုတ် ဘဏ်စနစ် ကောင်းမွန်စွာမရှိဘဲ စီးပွားရေးအရ ထိ ခိုက်လွယ်ပြီးသားဖြစ်သည့် ဂိုမာမြို့အတွက် ယခုပိတ်ဆို့မှုသည် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြကြသည်။

    လက်ရှိတွင် နယ်မြေအများအပြားကို စိုးမိုးထားသည့် M23 လက်နက်ကိုင်အဖွဲ့ဘက်က ၎င်းတို့ဒေသအတွင်း လက်ရှိတွင် အီဘိုလာ တက်ကြွလူနာ လုံးဝမရှိတော့ဘဲ ထိန်းချုပ်ထားနိုင်ပြီဖြစ် ကြောင်း ပြောဆိုကာ နယ်စပ်များ အမြန်ပြန်ဖွင့်ရန် တောင်းဆိုနေသည်။                      

    တစ်ချိန်တည်းမှာပင် နယ်စပ်နှစ်ဖက်စလုံး၌ မှီခိုနေရသည့် အသေးစားကုန်သည်များအသင်းအပါအဝင် ကုန် သည် အဖွဲ့အစည်းများက နယ်စပ်ပြန်လည်ပွင့်လှစ်နိုင်ရေးအတွက် ရဝမ်ဒါအာဏာပိုင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြပြီး၊ ကုန်သည်များဘက်ကလည်း ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို တိ ကျစွာလိုက်နာရန် အသင့်ရှိသဖြင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် အသနားခံ တောင်းဆိုထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN