ခိုးမှုကျူးလွန်ရန် နေအိမ်အတွင်းဝင်ရောက်၍ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို တွံတေးမြို့နယ်၌ ဖော်ထုတ်ဖမ်းဆီးရမိ

(နိုင်ငံတကာ) ဇွန် ၂၂                                  

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ခိုးမှုကျူးလွန်ရန် နေ အိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီးနောက် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မ ပြုကျင့်ကာ ဓားဖြင့် လှီးဖြတ်သတ်ဖြတ်ခဲ့သည့် တရားခံအမျိုးသားတစ်ဦးကို အာဏာပိုင်များက ဖြစ်ပွားသည့်နေ့မှာပင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။                          

     ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံး၏ အပေါ်ထပ်အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေ သည်ကို မိခင်ဖြစ်သူက တွေ့ရှိခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူ၏ တိုင်တန်းချက်အရ လှိုင်မြို့မရဲစခန်းက (ပ) ၁၅၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) တို့ဖြင့် အမှုဖွင့်လှစ်ကာ တရားခံအား ဖမ်းဆီးရမိရေးအတွက် အထူးစုံစမ်းစစ်ဆေးမှုများ ချက်ချင်းဆောင် ရွက်ခဲ့သည်။                      
     လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ် မြေအတွင်း သတင်းရယူစုံစမ်းခြင်းများနှင့် ဒုစရိုက်မှုကို မလို လားသည့် ပြည်သူလူထု၏ သတင်းပေးပူးပေါင်းပါဝင်မှုများကြောင့် စုံစမ်းမှုအရှိန်မြှင့်တင်ခဲ့ရာ ကျူးလွန်သူမှာ တွံတေးမြို့ နယ်၊ သရက်နှစ်ပင်ကျေးရွာတွင် နေထိုင်သည့် အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင် (၃၈ နှစ်) ဖြစ် ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဇွန်လ ၁၉ ရက် ညနေပိုင်းတွင် ၎င်း၏ နေရပ်ကျေးရွာထိပ်၌ပင် လက်ရဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိသူ တရားခံ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် ဇွန်လ ၁၉ ရက် ညဉ့်နက်ပိုင်း နံနက် ၁ နာရီခန့်တွင် လှိုင်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းသို့ ခိုးယူရန် ဦးစွာဝင်ရောက်ခဲ့ပြီး iPhone 15 လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ်နှစ်သိန်းကို ခိုးယူခဲ့ကြောင်း သိရသည်။                           

   ထို့နောက် ၎င်းအိမ်မှ နှစ်အိမ်ကျော်အကွာရှိ အခြားနေအိမ်တစ် လုံးသို့ ခိုးမှုကျူးလွန်ရန် ထပ်မံဖောက်ထွင်းဝင်ရောက်စဉ် အပေါ် ထပ်အိပ်ခန်းအတွင်း အိပ်ပျော်နေသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို တွေ့ရှိရသဖြင့် အဓမ္မပြုကျင့်ကာ ၎င်းယူ ဆောင်လာသည့် ခဲတံချွန်ခေါက်ဓားဖြင့် လည်ပင်းယာဘက်ကို လှီးဖြတ်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ် သည်။

     ၎င်းသည် ခိုးယူလာခဲ့သည့် လက်ကိုင်ဖုန်းကို ငွေကျပ်နှစ်သိန်းဖြင့် ရောင်းချကာ ရရှိလာသည့်ငွေများဖြင့် အရက်သောက် စား မူးယစ်သုံးစွဲခဲ့ပြီးနောက် တွံတေးမြို့နယ်ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ပုန်းအောင်းရန် လာရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် သည်။                                             
     လက်ရှိတွင် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်ခဲ့သူ တရားခံ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်အား ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းက တရားစွဲဆိုနိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN