ခါမ်းပါတ်မြို့ ပြန်သိမ်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ဖို့ အရှိန်မြှင့်

(ပြည်တွင်း) ဇွန် ၁၅

တပ်မတော်စစ်ကြောင်းများက မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူး လမ်းကြောင်းပေါ်ရှိ ခါမ်းပါတ်မြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

နယ်မြေဒေသအေးချမ်းသာယာရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေးတို့အတွက် တပ်မတော်အနေဖြင့် လုံခြုံရေးတာဝန်များအပြင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး၊ အရေးပါသည့် ကလေး-တမူး လမ်းကြောင်းအား ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေစဉ် ယခုကဲ့သို့ ခါမ်းပါတ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်စစ်ကြောင်းများသည် ကလေးမြို့နှင့် တမူးမြို့ဘက်မှ ခွဲထွက်၍ ဟန်ချက်ညီညီ ချီတက်ကာ လမ်းကြောင်းတစ်လျှောက်ရှိ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်တိုက် ဆောင်ရွက်ခဲ့ရာ ဇွန်လ ၇ ရက်မှ စတင်၍ အရှေ့ခုံသာ၊ ၅၆ မိုင်၊ ၅၅ မိုင်ကျေးရွာများနှင့် နန်းမွတ်တား၊ ရန်လင်းပိုင်ကျေးရွာများကို လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ရာဇဂြိုဟ်ကျေးရွာနှင့် ရေလှောင်တမံကို လည်းကောင်း၊ ဇွန်လ ၁၅ ရက်တွင် ရန်မျိုးအောင်ကျေးရွာကို လည်းကောင်း၊ ဇွန်လ ၁၆ နှင့် ၁၇ ရက်များတွင် ဆက်လက်၍ ကျေးရွာများကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဇွန်လ ၁၉ ရက်တွင် ခွန်နိုင်းနှင့် နန်းခေါက်ခေါက်ကျေးရွာများကို သိမ်းပိုက်ခဲ့ပြီး ယနေ့တွင် နန်းကတိတ်ကျေးရွာနှင့် ခါမ်းပါတ်မြို့အား အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများဖြင့် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ခါမ်းပါတ်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း ပါဝင်ပြီး အိန္ဒိယနယ်စပ်အနီးတည်ရှိသဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသောမြို့တစ်မြို့ဖြစ်သည်။ ယင်းမြို့အား ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အကြမ်းဖက်အဖွဲ့များက ယာယီထိန်းချုပ်ထားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ကာ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာခဲ့သည်။

ထို့ပြင် အကြမ်းဖက်အဖွဲ့များက လမ်းတံတားများ ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားယာဉ်များနှင့် ကုန်တင်ယာဉ်များထံမှ ငွေကြေးကောက်ခံခြင်း၊ လူမှုဘဝကို ခြိမ်းခြောက်ခြင်း၊ မိုင်းထောင်ခြင်းနှင့် စစ်ရေးအသုံးပြုရန် အဆောက်အအုံများ ပြောင်းလဲအသုံးပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပြန်လည်သိမ်းပိုက်ထားသော နယ်မြေများတွင် တပ်မတော်စစ်ကြောင်းများက အပျက်အစီးများရှင်းလင်းခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်းနှင့် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေသည်။

ခါမ်းပါတ်မြို့ ပြန်လည်ထိန်းချုပ်နိုင်ခြင်းကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး၊ ဒေသတည်ငြိမ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြန်လည်အရှိန်မြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကလေး-တမူး လမ်းကြောင်းကိုလည်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။