
(နိုင်ငံတကာသတင်းဆောင်းပါး) ဇွန် ၁၉
လွန်ခဲ့သည့် လအနည်းငယ်ခန့်ကဆိုလျှင် အမေရိကန်ပြည် ထောင်စုရှိ ပင်မရေစီးကြောင်း နိုင်ငံရေးသမားတစ်ဦး (ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တစ်ဦးကို မဆိုထားနှင့်) အနေဖြင့် အီရန်နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို အသိအမှတ်ပြု ပြောဆိုရန်ဆိုသည်မှာ မဖြစ်နိုင်သလောက် ပုံစံမျိုး ဖြစ်ခဲ့လိမ့်မည်။
သို့သော်လည်း ဗုဒ္ဓဟူးနေ့တွင် အထက်လွှတ်တော်အမတ် ရော်ဂျာ မာရှယ် (Roger Marshall) သည် ထိုအရာကို အတိ အကျပင် ပြောဆိုခဲ့သည်။ “သူတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်း ရှိရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက သတင်းချန်နယ်တစ်ခုဖြစ်သည့် CNN သို့ ပြောကြားခဲ့သည်။
လေ့လာဆန်းစစ်သူများက ယခုကဲ့သို့သော ထုတ်ဖော်ပြောဆိုချက်များသည် အမေရိကန်ပြည်ထောင်စုအတွင်း သဘောထားအမြင်များ ပြောင်းလဲလာခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ပြောဆိုကြသည်။ ယခုအပတ်အတွင်း သမ္မတ ဒေါ်နယ်ထရမ်ပ်သည် အီရန်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို သဘောတူညီခဲ့ပြီးနောက် တွင် ရီပတ်ဘလစ်ကန်အချို့သည် ၎င်းတို့၏ သဘောထားတင်းမာမှု (စစ်လိုလားမှု)ကို လျှော့ချလိုက်သည့်ပုံစံ တွေ့ရသည်။
သို့သော်လည်း အစ္စရေးလိုလားသော အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမား အများအပြားသည် အဆိုပါ သဘောတူညီချက်ကို ဆန့်ကျင်ရန်အတွက် စတင်လှုပ်ရှားနေကြပြီး၊ ယင်းက အိမ်ဖြူတော်နှင့်အပြင် အမေရိကန်-အစ္စရေးနှင့် အီရန်အကြား စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုသူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာစေနိုင်သည့် အခြေအနေကို ဖန်တီးနေသည်။
“ဒေါ်နယ်ထရမ်ပ်ဟာ သူ့ရဲ့ အမာခံထောက်ခံသူတွေကို ဘယ်အရာမဆို ယုံကြည်အောင် စည်းရုံးနိုင်စွမ်း ရှိပါတယ်” ဟု သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံတကာမူဝါဒရေးရာစင်တာ (Center for International Policy) ၏ ဒုတိယဥက္ကဋ္ဌ မက်သရူး ဒက်စ် (Matthew Duss) က ပြောကြားခဲ့သည်။
“အကယ်၍ သူက တစ်ရက်မှာ အီရန်စစ်ပွဲဟာ အလွန်အခြေ အနေကောင်းနေတယ်လို့ ပြောပြီး၊ နောက်တစ်ရက်မှာတော့ သူ့သဘောထားကို လုံးဝပြောင်းပြန်လှန်ကာ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးတော့မယ်လို့ ပြောရင်လည်း၊ သူ့ရဲ့ ထောက်ခံသူအမာခံ အစိတ်အပိုင်းအတော်များများက အဲဒါကိုပဲ လိုက်နာကြမှာဖြစ်ပြီး၊ လူသိရှင်ကြား သဘောမတူ ကန့်ကွက်သူတွေကိုတော့ စိတ်ဆိုးဒေါသထွက်ကြလိမ့်မယ်။”
ထိုသို့ဖြစ်သော်လည်း အစ္စရေးလိုလားသော အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများသည် အဆိုပါ နားလည်မှုစာချွန်လွှာအပေါ် “အလွန်အမင်း မကျေမနပ် ဖြစ်နေဆဲ” ပင် ဖြစ်ကြောင်း မက်သရူး ဒက်စ်က အလေးပေးပြောကြားခဲ့သည်။
လူထုထောက်ခံမှုမရသော စစ်ပွဲ
ပြီးခဲ့သည့် ကြာသပတေးနေ့က ထရမ်ပ်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ “နောက်ဆုံးအချက် အလက်များ” ကို “အဖွဲ့အစည်းအားလုံးက အတည်ပြုခဲ့ပြီးဖြစ်သည်” ဟု ကနဦး စတင်အရိပ်အမြွက် ပြောကြားခဲ့ပြီးကတည်းက သဘော တူညီချက်၏ စည်းကမ်းသတ်မှတ် ချက်များသည် တဖြည်း ဖြည်းချင်းစီ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင်မှသာ အဆိုပါ နားလည်မှုစာချွန်လွှာ၏ အချက် ၁၄ ချက်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ သို့ သော်လည်း သတင်းအချက်အလက်များကို တဖြည်းဖြည်းချင်း ထုတ်ပြန်ခဲ့သည့် အချက်သည် သဘောထားတင်းမာသူများ၏ ဝေဖန်မှုဒဏ်မှ ယခုမှတ်တမ်းကို တစ်စိတ်တစ် ပိုင်းသာ ကာကွယ်ပေးနိုင်ခဲ့သည်။ အခြားအချက်တစ်ချက်မှာ ရီပတ်ဘလစ်ကန်များသည် ပါတီအတွင်းရှိ သဘောထားကွဲလွဲသူများကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ယူခဲ့သည့် မှတ် တမ်းကောင်းရှိသော ထရမ်ပ်ကို ဆန့် ကျင်ရန် အလွန်ဝန် လေးနေကြခြင်း ဖြစ်သည်။
အစ္စရေးလိုလားသော အသံအကျယ်ဆုံး သဘောထားတင်း မာသူ အချို့ပင်လျှင် စည်းကမ်းချက်များကို ကြေညာခဲ့ပြီးကတည်းက ထရမ်ပ်ကို တိုက်ရိုက်ရင်ဆိုင်ခြင်းမှ ရှောင်ကြဉ်ခဲ့ကြသည်။
စစ်ပွဲကို အားတက်သရော အစဉ်တစိုက် ထောက်ခံခဲ့သူ အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် (Lindsey Graham) က ယခုနားလည်မှုစာချွန်လွှာသည် အမေရိကန်အတွက် “အကျိုးရှိလိမ့်မည်” ဟု ပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ရဲ့ နျူကလီး ယားအစီအစဉ်နဲ့ အခြားသော ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လက်ခံနိုင်လောက်တဲ့၊ စစ်ဆေးအတည်ပြုနိုင်တဲ့ အပြီး သတ်သဘောတူညီချက်တစ်ခုကို ရရှိနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပေမဲ့၊ ကြိုးစားကြည့်တာဟာ ဆိုးကျိုးတော့ အနည်းငယ်ပဲ ရှိလိမ့်မယ်လို့ မြင်ပါတယ်” ဟု ဂရေဟမ်က ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။
ယေဘုယျအားဖြင့် ရီပတ်ဘလစ်ကန်များသည် ၂၀၁၅ ခုနှစ်က ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်မှတ်ရေးထိုးခဲ့သည့် နျူကလီးယားသဘောတူညီချက်ထက်စာလျှင် ယခု ကနဦးသဘောတူညီချက်အပေါ် များစွာ ပိုမိုသည်းခံ လက်ခံနိုင်စွမ်းရှိကြသည်။
ဘက်စုံပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (JCPOA) ဟု လူသိများသည့် အဆိုပါ သဘောတူညီချက်နှင့်မတူဘဲ၊ ယခုလက်ရှိ နားလည်မှုစာချွန်လွှာသည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲကို ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့ သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် တိုက်ရိုက်ရန်စမှုမရှိဘဲ အီရန်အပေါ် စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။
လူထုသဘောထားစစ်တမ်းများက ယခုပဋိပက္ခအပေါ် အမေရိကန်ပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် မထောက်ခံမှုကို မီး မောင်းထိုးပြနေပြီး၊ ယင်းက ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ) ကဏ္ဍအချို့တွင် သံတမန်ရေးရာ လမ်းကြောင်းကို အားပေးရန်အတွက် အကြောင်းပြချက် ဖြစ်လာစေခဲ့သည်။
တိုက်ပွဲများကြောင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခဲ့ရာ ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။ အမေရိကန်တွင် ယင်းက ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဆိုင်ရာ မရေရာမှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ ယင်းအချက်များသည် လာမည့် သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်တို့၏ မျှော် လင့်ချက်များအပေါ် သက်ရောက်မှုရှိလာနိုင်သည်။
“ကျွန်တော်တို့ဟာ စစ်ပွဲရဲ့ ကုန်ကျစရိတ်ကို မြင်တွေ့ခဲ့ရပြီးပါပြီ။ စစ်ပွဲဟာ လွယ်ကူတဲ့ ဖြေရှင်းချက်တစ်ခု မဟုတ်ဘူးဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါပြီ။ စစ်ပွဲဟာ အမေရိကန်ပြည်သူတွေအပေါ် ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုတွေ ရှိနေတယ်ဆိုတာနဲ့ အမေရိကန်ပြည်သူတွေက ဒါကို ဆန့်ကျင်နေကြတယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်” ဟု အကျိုးအမြတ်မယူသော စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် အမျိုး သား အီရန်-အမေရိကန် ကောင်စီ (NIAC)၏ မူဝါဒရေးရာညွှန်ကြားရေးမှူး ရိုင်ယန် ကော်စတယ်လို (Ryan Costello)က ပြောကြားခဲ့သည်။
နားလည်မှုစာချွန်လွှာ (MoU) အတွင်းမှ အချက်အလက်များ
ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့သည့် ယခုနားလည်မှုစာချွန်လွှာသည် စစ်ပွဲကိုအဆုံးသတ်ရန် ဒေသတွင်းအပစ်အခတ်ရပ်စဲရေးကို ပြဋ္ဌာန်းထားပြီး၊ အီရန်နိုင်ငံအတွင်း၌ သာမက လက်ဘနွန်တွင်ပါ တိုက်ပွဲများရပ်တန့်ရန် အမိန့်ပေးထားသည်။
ယခုသဘောတူညီချက်အရ အီရန်သည် ဟော်မုဇ်ရေလက် ကြားကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး၊ အမေရိကန်ကမူ အီရန်နိုင်ငံအပေါ် ဝိုင်းရံပိတ်ဆို့ထားမှုကို ရုပ်သိမ်းမည်ဖြစ်သည်။ တီဟီရန်ဘက်ကလည်း ၎င်းတို့အနေဖြင့် နျူက လီးယားလက်နက်များ ထုတ်လုပ်သွားမည်မဟုတ်ကြောင်း ၎င်းတို့၏ ရေရှည်ရပ် တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။
ထိုအာမခံချက်အတွက် အပြန်အလှန်အားဖြင့် အီရန်သည် စီးပွားရေးဆိုင်ရာ သက်သာခွင့်အချို့ကို ရရှိမည်ဖြစ် သည်။ အမေရိကန်သည် အီရန်၏ စွမ်းအင်ပို့ကုန်များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စီစဉ်ထားပြီး၊ ယင်းက ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုကို မြှင့်တင်ပေးကာ ရေနံဈေးနှုန်းများ ကျဆင်းလာစေရန် ကူညီပေးလိမ့်မည်ဖြစ်သည်။
ထို့ပြင် ပိတ်ဆို့မှုများကြောင့် အေးခဲထားသည့် ၎င်းတို့ကိုယ် ပိုင်ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံပေါင်းများစွာကိုလည်း အီရန်အနေ ဖြင့် ပြန်လည်ရရှိမည်ဖြစ်သော်လည်း၊ ယင်းရန်ပုံငွေများကို လွှတ်ပေးရန်အတွက် တိကျသော အချိန်ဇယား သို့မဟုတ် လုပ် ထုံးလုပ်နည်းကိုမူ နားလည်မှုစာချွန်လွှာတွင် ဖော်ပြထားခြင်းမရှိပေ။
သို့သော်လည်း ယင်းစာချွန်လွှာတွင် အီရန်အတွက် ဒေါ်လာဘီလီယံ ၃၀၀ ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည် ထူထောင်ရေး ရန်ပုံငွေတစ်ရပ်ကိုမူ ကတိပြုထားသည်။ ယခုကနဦးသဘောတူညီချက်သည် အီရန်၏ ယူရေနီယံသန့်စင်မှုအစီအစဉ်ကို ဆက် လက်လုပ်ဆောင်ခွင့် ပြု၊ မပြု ဟူသော ခက်ခဲနက်နဲသည့်ပြဿနာကိုမူ ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ယင်းကိစ္စကို လာမည့်ရက်ပေါင်း ၆၀ အတွင်း ကျင်းပမည့် နောင်လာမည့်ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရန် သတ်မှတ်ထားသည်။
၎င်းအပြင် အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့ စစ်ပွဲဆင်နွှဲရခြင်း၏ ဖော်ပြပါအကြောင်းပြချက်များထဲမှတစ်ခုဖြစ်သည့် တီဟီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ပတ် သက်၍လည်း တစ်လုံးတစ်ပါဒမျှ ဖော်ပြထားခြင်းမရှိပေ။
အီရန်၏ ဒုံးကျည်စွမ်းဆောင်ရည်ကို ကန့်သတ်ရန်မှာ အစ္စ ရေးအတွက် နှစ်ပေါင်းများစွာကြာ အဓိကရည်မှန်းချက်တစ်ခု ဖြစ်ခဲ့သော်လည်း၊ တီဟီရန်ဘက်ကမူ မည်သည့်အလျှော့ပေးမှုကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်း ပယ်ချထားသည်။
ဗုဒ္ဓဟူးနေ့တွင် ထရမ်ပ်က “ဒုံးကျည်တွေက ပြဿနာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့ပြီး၊ ယင်းကိစ္စကို ဒေသတွင်းလုံခြုံရေးဆွေးနွေးပွဲများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
“ကျွန်တော် ဘာလုပ်ရမှာလဲ။ ဆော်ဒီအာရေဗျကိုတော့ ဒုံး ကျည်တွေ ကိုင်ဆောင်ခွင့်ပေးပြီး သူတို့ [အီရန်] ကိုကျတော့ ကိုင်ဆောင်ခွင့်မပေးဘဲ နေရမှာလား။ အဲဒီလိုပုံစံမျိုး လုပ်လို့မရပါဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော်လည်း ယခင်က ထရမ်ပ်သည် အီရန်၏ လက်နက် တိုက်ကို ကန့်သတ်ရန်အတွက် လှုံ့ဆော်ပြောဆိုခဲ့ဖူး သည်။ ထရမ်ပ်၏ ရုတ်တရက် သဘောထားပြောင်းလဲသွားမှုသည် စိတ်ရှုပ်ထွေးစရာဖြစ်ကြောင်း ကော်စတယ်လိုက ဆိုသည်။
“ပြီးခဲ့တဲ့အပတ်က သမ္မတထရမ်ပ်ရဲ့ ပြောဆိုပုံက (စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများကို အားပေးခြင်းကြောင့် လူသိများသည့် အမေရိကန်အရာရှိဟောင်း) ဂျွန် ဘော်လ်တန် (John Bolton) နဲ့ ပိုတူနေခဲ့ပါတယ်” ဟု ၎င်းက ပြော သည်။
“ဒါပေမဲ့ ဒီအပတ်မှာတော့ သူက (လက်တွေ့ကျသော နိုင်ငံ ရေးသိပ္ပံပညာရှင်) ဂျွန် မီးယားရှိုင်းမား (John Mearsheimer)နဲ့ ပိုတူနေပါတယ်” ဟု ကော်စတယ်လိုက ဖြည့်စွက်ပြောကြားခဲ့သည်။
တက်ဒ် ခရုဇ် က သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ
ရီပတ်ဘလစ်ကန်အချို့သည် ထရမ်ပ်၏ သဘောထားအလှည့်အပြောင်းနောက်သို့ လိုက်ပါနေကြသော်လည်း၊ အခြားသူများကမူ အီရန်နှင့်ပြုလုပ်သည့် သမ္မတ၏ သံတမန်ရေးရာအပေါ် ၎င်းတို့အနေဖြင့် မည်မျှအထိ ပွင့်ပွင့်လင်းလင်း ကန့်ကွက်နိုင်မလဲဆိုသည်ကို စမ်းသပ်နေကြကြောင်း ကော်စတယ်လိုက ရှင်းပြခဲ့သည်။
“နားလည်မှုစာချွန်လွှာတင်မကဘဲ အဲဒီကနေတစ်ဆင့် မျှော် မှန်းထားတဲ့ အရာအားလုံး၊ ဆိုလိုတာက အီရန်နဲ့ တင်းမာမှုတွေကို တော်တော်လေး သိသိသာသာ ဖြေရှင်းမယ့်အခြေအနေအပေါ်မှာပါ ဘယ်လောက်အထိ ပွင့်ပွင့်လင်းလင်း ကန့်ကွက်လို့ရမလဲဆိုတာကို ကြည့်နေတဲ့ လူအုပ်စုတစ်စု ရှိပါတယ်” ဟု ၎င်းက အယ်လ်ဂျာဇီးရား (Al Jazeera)သို့ ပြောကြားခဲ့သည်။
ယခုသဘောတူညီချက်ကို “အမျှော်အမြင်မရှိသော လုပ်ရပ်” ဟု ခေါ်ဆိုခဲ့သည့် အထက်လွှတ်တော်အမတ် တက်ဒ် ခရုဇ် (Ted Cruz) သည် ထိုကန့်ကွက်သည့်အုပ်စုထဲတွင် ပါဝင်သည်။
“ကျွန်တော်တို့ကို သတ်ချင်နေတဲ့ သာသနာရေးအစွန်း ရောက် လူရူးတွေကို ဒေါ်လာဘီလီယံပေါင်းများစွာ ပေးတာဟာ စိတ်ကူးကောင်းတစ်ခုမဟုတ်ဘူးဆိုတာ သမိုင်းက သင်ခန်းစာပေးထားပြီးသားပါ။ ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး သမ္မတဟာ အလွန်ညံ့ဖျင်းတဲ့ အကြံဉာဏ်တွေကို ရရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ခရုဇ်က ယခုအပတ်အစောပိုင်းတွင် သတင်းမီဒီယာတစ်ခုဖြစ်သည့် The Hill သို့ ပြောကြားခဲ့သည်။
Fox News မှ မာ့ခ် လီဗင် (Mark Levin) ကဲ့သို့သော အစ္စရေးလိုလားသည့် ဝေဖန်သုံးသပ်သူများကလည်း ယခုနား လည်မှုစာချွန်လွှာကို “အီရန်နှင့် ဟစ်ဇ်ဘိုလာထံ အညံ့ခံအရှုံးပေးမှု” ဟု ဖော်ပြခဲ့ကြသည်။
မကြာသေးမီလများအတွင်းက စစ်ပွဲစတင်ခဲ့မှုအတွက် ထရမ်ပ်အပေါ် ချီးကျူးဂုဏ်ပြုမှုများစွာ ပြုလုပ်ခဲ့သည့် လီဗင်သည် အီရန်၏ဒုံးကျည်များနှင့်ပတ်သက်၍ အမေရိကန်သမ္မတ၏ မှတ် ချက်များအပေါ် သွယ်ဝိုက်၍ ဝေဖန်ခဲ့သည်။
“အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ အမြဲတမ်း အဓိကပြဿနာတစ်ခု ဖြစ်ခဲ့တာပါ။ တကယ်တော့ လက်ရှိအစိုးရကိုယ်တိုင်က အီရန်အုပ်စိုးသူအစိုးရဟာ ပဲ့ထိန်းဒုံးကျည်တွေနဲ့ သူတို့ရဲ့ နျူကလီး ယားအဆောက်အအုံတွေပတ်ပတ်လည်မှာ အကာအကွယ်အဝိုင်းတစ်ခု တည်ဆောက်နေတယ်လို့ ပြောခဲ့ဖူးပါတယ်” ဟု လီဗင်က လူမှုကွန်ရက်ပလက်ဖောင်း X ပေါ်ရှိ ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။
“ပြီးတော့ အခြားနိုင်ငံတွေမှာ ပဲ့ထိန်းဒုံးကျည်တွေ ရှိနေရင် တောင် အီရန်မှာတော့ မရှိသင့်ပါဘူး။ အီရန်ဟာ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သတ်ခဲ့တဲ့ အကြမ်းဖက်အစိုးရဖြစ်ပါတယ်၊ ဒီအချက်ကို သတိပေးခံရဖို့ ဘယ်နှစ်ကြိမ်တောင် ထပ်လိုဦးမှာလဲ။”
၎င်းနောက် ၎င်းသည် အီရန်နှင့် အဓိကဆွေးနွေးညှိနှိုင်းသူဖြစ်ခဲ့သည့် အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် ကိုလည်း ပြတ်ပြတ်သားသား ပြစ်တင်ဝေဖန်ခဲ့သည်။ အီရန် အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများကို တွန်းအားပေးနေသည့် ဒီမိုကရေစီနိုင်ငံများ ကာကွယ်ရေးဖောင်ဒေးရှင်း (FDD) အမည်ရှိ သုတေသနအဖွဲ့ (Think Tank) ကလည်း ယခုသဘောတူညီချက်ကို ပယ်ချခဲ့ပြီး၊ ယခု နား လည်မှုစာချွန်လွှာသည် အီရန်ရှိ အုပ်ချုပ်ရေးစနစ် ဆက် လက်ရှင်သန်ရန် အာမခံပေးနေပြီး အမေရိကန်-အစ္စရေး၏ တိုက်ခိုက်မှုများအပြီး အီရန်ကို ပြန်လည်တည်ဆောက်ခွင့် ပေးနေကြောင်း ပြောကြားခဲ့သည်။
“အမေရိကန်နဲ့ အီရန်အကြား ရရှိတဲ့ နားလည်မှုစာချွန်လွှာဟာ အကြမ်းဖက်အစိုးရကို သူတို့ စစ်မြေပြင်မှာ ဘယ်တော့မှ မရနိုင်တဲ့ အောင်ပွဲတစ်ခုဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ သက်သာရာရမှုကို လက်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု FDD ကိုယ်စားလှယ်နှစ်ဦးက New York Post ဆောင်းပါးတစ်ခုတွင် ရေးသားခဲ့သည်။
အမေရိကန်-အစ္စရေး ပြည်သူ့ရေးရာကော်မတီ (AIPAC)ကလည်း ပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်း၊ အီရန် ၏ ဒုံးကျည်များနှင့် ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်ကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများအပေါ် ထောက်ပံ့မှုများကို ကန့် သတ်ချက်မရှိခြင်း အပါ အဝင် ယခုနားလည်မှုစာချွန်လွှာတွင် ၎င်းတို့မြင်တွေ့ရသည့် ပျက်ကွက်မှုများကို အသေး စိတ်ရှင်းလင်းချက်များနှင့်အတူ ရှည်လျားသော ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
အစ္စရေးလိုလားသော အဆိုပါစည်းရုံးလှုံ့ဆော်ရေးအုပ်စု၏ ထုတ်ပြန်ချက်တွင် အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွက် ထရမ်ပ်ကို ချီးကျူးပြောဆိုထားဆဲဖြစ်သည်။
“သမ္မတထရမ်ပ်ရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ အမေရိကန်ဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ရဲ့ ခေါင်းဆောင်ပိုင်း၊ နျူကလီးယားအစီအစဉ်နဲ့ စစ်ရေးပိုင်ဆိုင်မှုအမြောက်အမြားကို ချေမှုန်းနိုင်ခဲ့ပြီး သံတမန်ရေးရာ သဘောတူညီချက်တစ်ခုအတွက် အခွင့်အလမ်းကို ဖန်တီးပေးနိုင်ခဲ့ပါတယ်” ဟု AIPAC က ဆိုသည်။
“အီရန်နဲ့ ရရှိခဲ့တဲ့ ကနဦး နားလည်မှုစာချွန်လွှာဟာ ကြီးမားတဲ့ မေးခွန်းထုတ်စရာတွေကို ဖြစ်ပေါ်စေပါတယ်။”
‘ကြီးမားသော’ အင်အားစုများ
အစ္စရေးလိုလားသော သဘောထားတင်းမာသူအချို့သည် ယခုသဘောတူညီချက်အပေါ် ၎င်းတို့၏ဝေဖန်မှုများကို သတိ ထားလုပ်ဆောင်နေကြပြီး၊ ထရမ်ပ်အစား ဗန့်စ် (Vance) ကိုသာ လက်ညှိုးထိုးပြနေကြသော်လည်း စစ်ပွဲကိုအဆုံးသတ်လိုက်ခြင်းအပေါ် မကျေမနပ်ဖြစ်နေဆဲပင်ဖြစ် ကြောင်း ဒက်စ် (Duss) က ပြောကြားခဲ့သည်။
“သူတို့က စစ်ပွဲကို ဆက်ပြီးဖြစ်စေချင်ကြတာ။ သူတို့မှာ စစ်အင်အားနဲ့ပတ်သက်တဲ့ သီအိုရီတစ်ခုရှိတယ်၊ အဲဒါကတော့ အခြေခံအားဖြင့် စစ်ရေးအရ အင်အားသုံးတာ အလုပ်မဖြစ်ရင် မင်းလုပ်ဖို့လိုတာက စစ်အင်အားကို ပိုသုံးဖို့ပဲဆိုတဲ့ သဘောမျိုးပါ။ ဒါဟာ ကမ္ဘာကြီးအပေါ် ရှုမြင်တဲ့ ရယ်စရာကောင်းတဲ့ အမြင်တစ်ခုဖြစ်ပေမဲ့ ဒါက သူတို့ရဲ့ ဝါဒဖြစ်နေပါတယ်” ဟု ဒက်စ်က ဆိုသည်။
သို့ဆိုလျှင် ဝါရှင်တန်ရှိ အစ္စရေးလိုလားသော အသံများ သည် အီရန်နှင့်ပြုလုပ်သည့် သံတမန်ရေးရာကို ပျက်ပြားအောင် လုပ်ဆောင်နိုင်ပါသလား။
စစ်လိုလားသည့် ရပ်တည်ချက်သည် လူထုကြားတွင် ရေပန်းမစားသော်လည်း အစ္စရေးလိုလားသောအုပ်စုများ၏ ဩဇာ လွှမ်းမိုးမှုကိုမူ လျှော့တွက်၍မရကြောင်း ဒက်စ်က ပြောကြားခဲ့သည်။
“အစ္စရေးလိုလားတဲ့ သဘောထားတင်းမာသူတွေဟာ ဝါရှင်တန်မှာ အခိုင်အမာအခြေစိုက်ပြီးသားဆိုတာ ထင်ရှားပါတယ်” ဟု ၎င်းက အယ်လ်ဂျာဇီးရား (Al Jazeera) သို့ ပြောကြားခဲ့သည်။
“သူတို့ရဲ့ သုတေသနအဖွဲ့တွေနဲ့ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းတွေအတွက် ကြီးမားတဲ့ ရန်ပုံငွေပမာဏ ရှိကြပါတယ်။ ကျယ်ပြန့်တဲ့ လူထုကြားမှာ သူတို့ကို ထောက်ခံမှုက အလွန်နည်း ပါးပြီး လျော့နည်းလာနေတယ်ဆိုတဲ့ အချက်ရှိနေပေမဲ့လည်း၊ ဝါရှင်တန်ရဲ့ မူဝါဒရေးရာဆွေးနွေးပွဲတွေထဲမှာ သူတို့ရဲ့အမြင်တွေကို ရှေ့တန်းရောက်အောင် တွန်းတင်နိုင်စွမ်းကတော့ ကြီးမားနေဆဲဖြစ်ပါတယ်။”
၎င်း၏ဘက်မှ ကော်စတယ်လို(Costello)ကမူ အစ္စရေးကို ထောက်ခံသူများသည် စစ်ပွဲကို ချက်ချင်းပြန်လည်စတင်ရန် ပျက်ကွက်ခဲ့လျှင်ပင်၊ အီရန်နှင့်ပြုလုပ်သည့် သံတမန်ရေးရာကို ဟန့်တားဖျက်ဆီးရန်အတွက် ရေရှည်မဟာဗျူဟာတစ်ရပ်ဖြင့် လုပ်ဆောင်လာနိုင်ကြောင်း သတိ ပေးခဲ့သည်။
“ဒီသဘောတူညီချက်ကို ကနဦးမှာတင် ဖျက်ဆီးပစ်ဖို့ သူတို့ ပျက်ကွက်ခဲ့ရင်တောင်မှ၊ ဒီသဘောတူညီချက်အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ အများကြီး ရှိလာဦးမှာပါ” ဟု ၎င်းက အယ်လ်ဂျာဇီးရားသို့ ပြောကြားခဲ့သည်။
အစ္စရေးလိုလားသောအုပ်စုများသည် ၂၀၁၅ ခုနှစ်က ဘက်စုံပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (JCPOA) ကို မည်ကဲ့သို့ တိုက် ခိုက်ခဲ့ကြသည်ကို ကော်စတယ်လိုက မီးမောင်းထိုးပြခဲ့ပြီး၊ အဆို ပါသဘောတူညီချက်သည် “ဒဏ်ရာပေါင်းတစ်ထောင်ဖြင့် သေ ဆုံးခြင်း (death by 1,000 cuts)” ဒဏ်ကို ခံခဲ့ရကြောင်း ဆို သည်။ အဆုံးသတ်တွင် ထရမ်ပ်သည် ၂၀၁၈ ခုနှစ်၌ ယင်းသဘောတူညီချက်ကို ပယ်ဖျက်ခဲ့သည်။
“FDD၊ နီယိုကွန်ဆာဗေးတစ် (ရှေးရိုးစွဲသစ်) တွေနဲ့ ရီပတ်ဘလစ်ကန် နိုင်ငံခြားရေးမူဝါဒ ယန္တရားကြီးတစ်ခုလုံးက အိုဘားမားရဲ့ သဘောတူညီချက်ကို အဆိပ်အတောက်ဖြစ်အောင် လုပ်ခဲ့ကြပါတယ်” ဟု ၎င်းက ပြောသည်။ “အဲဒီနောက်မှာတော့ နောက် ဆုံးမှာ အဲဒီသဘောတူညီချက်ကို ဖျက်ဆီးပစ်ဖို့ အလိုရှိတဲ့ သမ္မတတစ်ယောက်ကို သူတို့ ရှာ ဖွေတွေ့ရှိသွားခဲ့ကြပါတယ်” ဟု ကော်စတယ်လိုက ဖြည့် စွက်ပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Ali Harb ၏ Pro-Israel hawks in US criticise Iran MoU but avoid clashing with Trump သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို ထားပါသည်။)
Telegram»…
https://t.me/positiveanglenews
#PAN