တရုတ်-မြန်မာ အနာဂတ်အကျိုးတူအသိုက်အဝန်း တည် ဆောက်မှုကို အရှိန်မြှင့်တင်ရေးဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ပူးတွဲကြေညာချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်

၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပါ သည်။

     ခရီးစဉ်အတွင်း သမ္မတ မစ္စတာရှီကျင့်ဖျင် နှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် တွေ့ဆုံဆွေးနွေးစဉ် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည် ဆောက်ရေးကို ပိုမိုခိုင်မာလေးနက်မှုရှိစေရန် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကာ အရေးကြီးသော သဘောတူညီချက်များ ရရှိခဲ့ကြပါသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနှင့် အမျိုးသားလွှတ်တော်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိတို့သည်လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် သီးခြားစီတွေ့ဆုံခဲ့ကြပါသည်။

၂။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် လွန်ခဲ့သည့် (၇၆)နှစ်မှစတင်ကာ တစ်နိုင်ငံအပေါ် တစ်နိုင်ငံ စိတ်ရင်းမှန်ဖြင့် ယုံကြည်အား ထားကြပြီး အပြန်အလှန်ပံ့ပိုးကူညီကြသည့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများဖြစ်ခဲ့ကြကြောင်း နှစ်ဖက်လုံးက အလေးထားပြောကြားခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် တန်းတူ ရည်တူရှိမှုနှင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမှုကို အစဉ် တစိုက် လိုက်နာကျင့်သုံးခဲ့ကြပြီး နိုင်ငံတော်၏ အချုပ်အခြာအာ ဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတွင် တစ်နိုင်ငံကိုတစ်နိုင်ငံ ခိုင်မာစွာပံ့ပိုးကူညီခဲ့ကြသည်။ ဒေသတွင်းနှင့် နိုင်ငံတကာအခင်းအကျင်းတွင်
ကြီးမားလေးနက်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အခြေ အနေကို ထောက်ရှု၍ နှစ်ဖက်လုံးသည် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူကြီးငါးရပ်ကိုစောင့်ထိန်းရန်၊ တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပိုမိုလက်ဆင့်ကမ်းသယ် ဆောင်ရန်၊ တန်းတူညီမျှမှု၊အပြန် အလှန်လေးစားမှု၊ ညှိနှိုင်းဆွေးနွေးမှုနှင့် နှစ်ဖက်အကျိုး ဖြစ် ထွန်းမှုတို့အပေါ်အခြေခံ၍ ကဏ္ဍစုံတွင် လက်တွေ့ကျပြီး အပြန်အလှန် အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဖော်ဆောင်ရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို ဆက်လက်မြှင့်တင်သွားရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သောအကျိုးကျေးဇူးများ ဖော်ဆောင်ပေးရန်သဘောတူညီခဲ့ကြသည်။

၃။ နှစ်ဖက်လုံးက တစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့် အလေး ထားရမည့် အရေးကိစ္စရပ်များတွင် အပြန်အလှန်ခိုင်မာစွာ ဆက် လက်ပံ့ပိုးကူညီသွားကြမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။

      မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့်အပေါ် တရုတ်နိုင်ငံဘက်မှ ကြိုဆိုပြီး နိုင်ငံအတွင်း ရေရှည်တည် တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့ ဖော်ဆောင်ရန် မြန်မာနိုင်ငံဘက်မှ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည် ပြုခဲ့သည်။

     တရုတ်နိုင်ငံဘက်မှမြန်မာနိုင်ငံအနေဖြင့်အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူလူထုက ထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်း ဦး တည်သွားနေခြင်းကို လည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားရေးဂုဏ်သိက္ခာတို့ကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုလည်း ကောင်း ခိုင်မာစွာ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

     မြန်မာနိုင်ငံဘက်မှ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာ ရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံပိုင်နက်၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့်တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း အသိအမှတ်ပြုလျက်၊ “တရုတ်နိုင်ငံ တစ်နိုင်ငံ တည်းမူဝါဒ”ကို ကိုင်စွဲထားသည့်အတိုင်း ဆက်လက်ရပ် တည်သွားမည်ဖြစ် ကြောင်း ထပ်လောင်းကတိပြုခဲ့သည်။ မြန်မာနိုင်ငံသည် မည်သည့်ပုံစံဖြင့်မဆိုပြုလုပ်သည့် “ထိုင်ဝမ်လွတ်လပ်ရေး” ဆောင် ရွက်မှုများကို ဆန့်ကျင်ပြီး ထိုင်ဝမ်နှင့် မည်သည့်တရားဝင် ဆက်သွယ်မှုမျိုးကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ၏ အာဏာသက်ရောက်မှု သည် အငြင်းပွားဖွယ်ရာမရှိကြောင်း အလေး ထားပြောကြားလျက် နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက်တရုတ်အစိုး ရ၏ကြိုးပမ်းဆောင်ရွက်ချက်အားလုံးကို ခိုင်မာစွာ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဟောင်ကောင်၊ရှင်ကျန်းနှင့် ရှီးကျန့်တို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအဖြစ် မှတ်ယူပြီး အဆိုပါကိစ္စရပ်များအပေါ် တရုတ်ဘက်၏ တရားမျှတသော ရပ် တည်ချက်ကို ခိုင်မာစွာ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

     မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် ကာလရှည်ကြာစွာ တစိုက်မတ်မတ်နှင့် မူဝါဒပိုင်းဆိုင်ရာ ကတိ ကဝတ်ပြုထားမှုအပေါ် တရုတ်နိုင်ငံဘက်မှ များစွာတန်ဖိုးထား အသိအမှတ်ပြုပါသည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုး သားပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ ခိုင်မာသည့် ထောက်ခံအားပေးမှုအပေါ် တရုတ်နိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

     ထို့ပြင် မည်သည့်နိုင်ငံကမျှ ယင်းတို့၏နယ်မြေအား အခြားတစ်နိုင်ငံ၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် လုပ်ငန်းဆောင်ရွက်မှုများအတွက် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း နှစ်ဖက်လုံးက ထပ်လောင်းအတည်ပြုခဲ့ကြသည်။

၄။ မြန်မာနိုင်ငံဘက်မှ သမ္မတ ရှီကျင့်ဖျင်၏ လူသားမျိုးနွယ်စုတစ်ရပ်လုံးအတွက် အေးအတူပူအမျှအသိုက်အဝန်း တည် ဆောက်ရေး အဆိုပြုချက်များအပြင် ကမ္ဘာလုံးဆိုင် ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလူသားယဉ်ကျေးမှု အစီအမံနှင့်ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာအစီအမံတို့အပေါ် အလေးအနက် တန်ဖိုးထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ မူဘောင်များသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပြီး ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် တိုးတက်ဖြစ်ထွန်းမှုတို့ကို သိသာထင်ရှားစွာ အထောက်အကူပြုကြောင်း မှတ်တမ်းတင် အသိအမှတ်ပြုပါသည်။ နှစ်ဖက်လုံးက အထက်ဖော်ပြပါအယူအဆများ နှင့် အစီအမံများအကောင်အထည်ဖော်မှုကို မြှင့်တင်ရန် ရည်မှန်းထားပြီး ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ကို မြှင့်တင်ရာတွင် တက်ကြွစွာပါဝင်ပံ့ပိုးသွားရန် သဘောတူညီခဲ့ကြသည်။

၅။ နှစ်ဖက်လုံးသည် နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန် အလှန် ယုံကြည်မှု၊ နှစ်ဖက်အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးတိုးတက်မှု၊ ဟန်ချက်ညီပြီး အပြန် အလှန် အားဖြည့်ပေးမည့် လုံခြုံရေးနှင့် အပြန်အလှန်ပေါင်းစည်းပေးမည့် ကူးလူး ဆက်ဆံမှုများဖော်ဆောင်လျက်၊ အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းစေမှု၊ တန်းတူညီမျှရှိရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုဟူသော ရည်မှန်းချက်များအပေါ်အခြေခံ၍ “တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက် အဝန်းကို အတူ တကွပူးပေါင်းတည်ဆောက်သွားမည်ဖြစ်သည်။ နှစ်ဖက်လုံးက အဆင့်တိုင်းတွင် နီးကပ်သည့်ထိတွေ့ ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းသွားရန်၊ အုပ်ချုပ်မှုဆိုင်ရာ အတွေ့ အကြုံ ဖလှယ်မှုများကို တိုးမြှင့်သွားရန်နှင့် အစိုးရ၊ ဥပဒေပြု လွှတ်တော်နှင့် ဒေသန္တရအာဏာပိုင်အချင်းချင်းအကြား ထိတွေ့ ဆက်ဆံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် သဘောတူညီခဲ့ကြသည်။

     နှစ်ဖက်လုံးက ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို အချိန်မီပြီးပြတ်စေရေးဆောင်ရွက်ရန်နှင့် လက်မှတ်ရေးထိုးရန် အလေးထားကြပြီး အဆင်သင့်ရှိကြောင်း ဖော်ပြခဲ့ကြသည်။ နှစ်ဖက်လုံးသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မှုကို မြှင့်တင်ရန်နှင့် ကျောက်ဖြူရေ နက်ဆိပ်ကမ်းနှင့် မန္တလေး – မူဆယ် ရထားလမ်းကဲ့သို့သော အဓိကစင်္ကြံ စီမံကိန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မပျက် ပုံမှန်မြင့်တင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ ဤစီမံကိန်းများကို အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ စီးပွားရေးအရဖြစ်မြောက်နိုင်စွမ်းရှိမှု၊ ဘဏ္ဍာရေးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲမှု စသည့်အခြေခံမူများဖြင့် လမ်းညွှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံလုံး၏ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံ၏ အခြေ အနေရပ်များနှင့်အပြည့်အဝကိုက်ညီမှု ရှိစေမည်ဖြစ်သည်။ ထို့ပြင် နှစ်ဖက်လုံးသည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ် ငွေ့ပိုက်လိုင်းများကို အကျိုးရှိစွာအသုံးချကာ လျှပ်စစ်ဓာတ်အားလိုင်း အပြန်အလှန်ချိတ်ဆက်မှုကို အရှိန် အဟုန်မပျက် ပုံမှန်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော စွမ်းအင်မိတ်ဖက်ဆက်ဆံရေးကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံဘက်မှ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့များ ဆက် လက်ပေးအပ်သွားရန်ဆန္ဒရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး၊ ယင်းအပေါ် မြန်မာနိုင်ငံဘက်မှ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

     နှစ်ဖက်လုံးက စီးပွားရေးအရ လက်တွေ့ကျသည့် အပြန် အလှန် ဖြည့်ဆည်းပေးနိုင်မှုများကို အမြင့်ဆုံးမြှင့်တင်ရန် သတ္တု တွင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုကဲ့သို့သောကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်လေးနက်စွာ ဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

     နှစ်ဖက်လုံးက နှစ်ဖက်ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများကို အထောက်အကူပြုစေရန် စိုက်ပျိုးရေး၊ သစ်တောရေးရာနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရန်၊ အရည်အသွေးမြင့် ထုတ်ကုန်များအတွက် ကန့်သတ်စောင့်ကြည့်စစ်ဆေးမှုဆိုင်ရာ ဝင်ရောက်ခွင့်များကို လွယ်ကူချောမွေ့စေရန်နှင့် နှစ်နိုင်ငံအကြား ခေတ်မီအကောက်ခွန်စီမံခန့်ခွဲမှုဆိုင် ရာများကို ရှာဖွေဖော် ထုတ်သွားရန် သဘောတူညီခဲ့ကြသည်။

     နှစ်ဖက်လုံးသည် နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်သဘောပေါက်မှု မြင့်တင်ရန်နှင့် နှစ်ဖက်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများကို အထောက်အကူပြုစေရန်အတွက် ပညာ ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလာရေး၊ ကျန်းမာရေး၊ လူ ငယ်ရေးရာ၊ မီဒီယာနှင့် လူသားအရင်းအမြစ် လေ့ကျင့်ပျိုး ထောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန်သဘောတူညီခဲ့ကြသည်။

    ထို့ပြင် နှစ်ဖက်လုံးက နှစ်နိုင်ငံကုန်သွယ်မှု ပုံမှန်တိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ကြပြီး ကုန်သွယ်မှုကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရန်နှင့် ကဏ္ဍစုံအသွင်ပြောင်းလဲလာစေရန်အတွက် ကြီးမားသောအလားအလာများရှိကြောင်း အသိ အမှတ်ပြုခဲ့ကြသည်။ နှစ်ဖက်လုံးက တရုတ်ယွမ်-မြန်မာကျပ် တိုက်ရိုက်ပေးချေမှုယန္တရားကို လက်တွေ့ အကောင် အထည်ဖော်ခြင်းဖြင့် ကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့အောင် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ ထို့ အတူ စိုက်ပျိုးရေး အခြေခံထုတ်ကုန်ထုတ်လုပ်ခြင်း၊ ရေနံနှင့် စွမ်းအင်ကဏ္ဍကဲ့သို့သော နှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများတွင် ပိုမိုနီးကပ်သည့် ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အတွက် ပံ့ပိုးကူညီသွားကြရန် ဆန္ဒပြုခဲ့ကြသည်။

     နှစ်ဖက်လုံးသည် မြန်မာနိုင်ငံရှိ “တရုတ်နိုင်ငံရပ်ခြားစစ်ဆင် ရေးတပ်” (Chinese Expeditionary Force) အထိမ်းအမှတ် အဆောက်အအုံများ စနစ်တကျ ပြန်လည်တည်ဆောက်ရေးနှင့်စီမံခန့်ခွဲရေးတို့ကို သေချာစေရန် အတူတကွ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်သည်။

     တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို တက်ကြွစွာ ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ယခင်က ပံ့ပိုးကူညီခဲ့သည့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးပံ့ပိုးမှုများအပြင် တတ်နိုင် သမျှကို ဆက်လက်ပံ့ပိုးကူညီရန် ဆန္ဒရှိသည်။ နှစ်ဖက်လုံးသည် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းကဲ့သို့သော အထင်ကရ အထိမ်းအမှတ်စီမံကိန်းများ ပြန်လည်မွမ်းမံတည်ဆောက်ရေးကို ပူးတွဲမြှင့်တင်သွားမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ ပါးစေရေး၊ ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ၊ ပြည်သူ လူထုဗဟိုပြုလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားကာ ပြည်သူများ၏လူမှုစီးပွားဘဝကို အကျိုးပြုမည့် “သေးငယ်သော်လည်း ထိရောက်ကောင်းမွန်သော” (Small but Beautiful) အကူအညီပေးရေး စီမံကိန်းများကို ပိုမိုရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်သည်။

     မြန်မာနိုင်ငံဘက်မှ ငလျင်အပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံ၏ ဆက်လက်ပံ့ပိုးကူညီမှုများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ပံ့ပိုးမှုများအပေါ် လှိုက်လှဲစွာ ကျေးဇူး တင်ရှိကြောင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံဘက်မှ နှစ်ဖက်သဘောတူညီထားသည့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများမှ တစ် ဆင့် တရုတ်နိုင်ငံ၏ ဆက် လက်ပံ့ပိုးကူညီမှုများကို ကြိုဆိုခဲ့သည်။ နှစ်ဖက်လုံးသည် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလေးနက်မှုရှိစေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံလုံး၏ ဘုံသာယာဝပြောရေးကို အထောက်အကူပြုစေရန် ရည်ရွယ်လျက်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှု ဦးစားပေးကဏ္ဍများနှင့်အညီ နှစ်ဖက်သဘောတူညီထားသည့် အခြေခံအဆောက်အအုံ၊ ပြည်သူ့ဝန်ဆောင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး စီမံကိန်းများကို အချိန်နှင့်တစ်ပြေးညီ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

     နှစ်ဖက်လုံးသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံကို အကောင်အထည်ဖော်ရန် နည်းလမ်းနှင့် နည်းစနစ်များကို ပူးတွဲလေ့လာ ရှာဖွေသွားမည်ဖြစ်ပြီး ဘုံဖြစ်သော၊ ဘက်စုံလွှမ်းခြုံသော၊ ပူးပေါင်းဆောင်ရွက်တတ်သော၊ ရေရှည်တည်တံ့သော လုံခြုံရေးအမြင်ကို ဆက်လက်စောင့်ထိန်းရန်၊ တရုတ်-မြန်မာလုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ဆွေး နွေးပွဲများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံအုပ်ချုပ်မှုကို မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင် ရွက်ရန်နည်းလမ်း များ ရှာဖွေသွားရန် သဘောတူညီခဲ့ကြသည်။ နှစ်ဖက်လုံးသည် တယ်လီဖုန်းနှင့် သတင်းအချက်အလက် နည်းပညာသုံးလိမ်လည်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာ မိတ်အဖွဲ့ဖွဲ့စည်းခြင်းကို ထောက်ခံကြသည်။ နှစ်ဖက်လုံး
သည် အွန်လိုင်းလောင်းကစားမှု၊ တယ်လီဖုန်းနှင့် သတင်းအချက်အလက်နည်းပညာသုံး လိမ်လည်မှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ လူကုန်ကူးမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အတုအပပြုလုပ်မှု၊ မှောင်ခိုကုန် သွယ်မှုနှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုများကဲ့သို့သော နယ်စပ်ဖြတ်ကျော်ပြစ်မှုဆိုင်ရာ လှုပ်ရှားမှုများကို နှိမ်နင်းရန်အတွက် နှစ်နိုင်ငံနှင့် ဘက်စုံဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ နှစ်ဖက်လုံးသည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ တစ်ဖက်နိုင်ငံ၏ နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်စောင့် ရှောက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” တည်ဆောက်မှုအတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ နိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

     တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ဆွေး နွေးညှိနှိုင်းမှုများမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ရှေ့ဆက်ဖော်ဆောင်နေခြင်းအပေါ်ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။ မြန်မာ နိုင်ငံဘက်မှလည်း ဤကိစ္စရပ်တွင် အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်စေရေးအတွက် တရုတ်နိုင်ငံ၏ အပြု သဘောဆောင်သည့် တက်ကြွ သောအခန်းကဏ္ဍမှ ပါဝင်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ နှစ်ဖက်လုံးက နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်း သိမ်းရန်အတွက် ဆက်သွယ်ညှိနှိုင်းမှုများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။

၆။ နှစ်ဖက်လုံးသည် ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်၊ နိုင်ငံတကာဥပဒေကို အခြေခံသော နိုင်ငံတကာလုပ်ထုံး လုပ်နည်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည် ရွယ်ချက်များနှင့် အခြေခံသော နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည် ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံသော နိုင်ငံ တကာဆက်ဆံရေးဆိုင်ရာ အခြေခံစံနှုန်းများကို ခိုင်မာစွာစောင့်ထိန်းရန် သဘောတူညီခဲ့ကြသည်။ နှစ်ဖက်လုံးသည် အားလုံးပါဝင်နိုင်ပြီး မျှတ၍စနစ်ကျသောကမ္ဘာ့အင်အားစုအများအပြားရှိသည့် (Multipolar) ကမ္ဘာကြီးဖြစ်ထွန်းလာစေရန်နှင့် အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် အားလုံးပါဝင်နိုင်သော စီးပွားရေးကမ္ဘာလုံးဆိုင်ရာ ဖြစ်တည်မှုကို မြှင့်တင်ရန် သဘောတူညီထားသည်။ နှစ်ဖက်လုံးသည် တစ်ဦးတည်းမူဝါဒကျင့်သုံးခြင်း (Unilateralism)၊ မိမိ စီးပွားရေးကိုသာ ကာကွယ်သောဝါဒ (Protectionism) ပုံစံအားလုံးကို ဆန့်ကျင်ကြပြီး သီးသန့် “အစုအဖွဲ့ငယ်များ” (Small circles)ဖွဲ့စည်းခြင်း၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများကို လှုံ့ဆော်ခြင်း၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် စစ်ဝါဒအပေါ် ထောက်ခံအားပေးခြင်း(back of militarism)နှင့် အခြားသောဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုအန္တရာယ်ဖြစ်စေသည့် လုပ်ရပ်များကိုပယ်ချကာ ဒုတိယကမ္ဘာစစ်၏ အောင်ပွဲနှင့် စစ်ပြီးခေတ် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။ နှစ်ဖက်လုံးသည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာ ယာဝပြောရေးတို့ကို ထိန်းသိမ်းမြှင့်တင်ရန် အရေးပါကြောင်း အလေးထားပြောကြားခဲ့ကြပြီးဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဆွေးနွေးမှုနှင့် အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံ၍ ချဉ်းကပ်ဆောင်ရွက်သင့်ကြောင်းနှင့် နိုင်ငံများအကြား တင်းမာမှုများကို ပိုမိုပြင်းထန်စေနိုင်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားရန် လိုအပ်ကြောင်းကိုလည်း အလေးအနက်ထား ပြောကြားခဲ့ကြသည်။

     တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအနေဖြင့် “ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအမံ မိတ်ဆွေများအဖွဲ့” (Group of Friends of the Global Development Initiative) သို့ ပါဝင်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုပါသည်။ နှစ်ဖက်လုံးသည် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အကောင် အထည်ဖော်မှုကို အရှိန် အဟုန်မြှင့်တင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန် အသင့်ရှိကြသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအနေဖြင့် “ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု အစီအမံမိတ်ဆွေများအဖွဲ့” (Group of Friends of Global Governance)နှင့် “နိုင်ငံတကာစေ့စပ် ညှိနှိုင်းရေးအဖွဲ့”(International Organization for Mediation)သို့ ပါဝင်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

     နှစ်ဖက်လုံးသည် စစ်မှန်သောနိုင်ငံစုံမူဝါဒကို ကျင့်သုံးရန်၊ နိုင်ငံတကာဆက်ဆံရေးကို ဒီမိုကရေစီစနစ်သို့ ရှေးရှုရန်နှင့် ပိုမိုမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ် ချုပ်မှုစနစ် ဖြစ်ထွန်းလာစေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုကို ပူးတွဲကာကွယ်စောင့်ရှောက်ရန် တောင်းဆိုကြသည်။

     မြန်မာနိုင်ငံဘက်က ဉာဏ်ရည်တုဖွံ့ဖြိုးတိုးတက်မှုသည် အများပြည်သူ၏ ဘုံအကျိုးစီးပွားကို အထောက်အကူပြုစေရန်အတွက် “ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” (World Artificial Intelligence Cooperation Organization) ဖွဲ့စည်း တည်ထောင်ရန် တရုတ်နိုင်ငံ၏အဆိုပြုချက်အပေါ်ကြိုဆိုခဲ့သည်။ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုအုပ်ချုပ်မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို အတူ တကွ မြှင့်တင်ရန်အတွက် အဆိုပါအဖွဲ့သို့ ဝင်ရောက်ရန် အပြု သဘောဖြင့် ထည့်သွင်းစဉ်းစားနေခြင်းကို ကြိုဆိုပါသည်။

     နှစ်ဖက်လုံးသည် တန်းတူညီမျှမှုနှင့် အပြန်အလှန် လေး စားမှုတို့အပေါ် အခြေခံ၍ လူ့အခွင့် အရေးဆိုင်ရာကိစ္စရပ်များတွင် အမြင်ချင်းဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုလားကြပြီး လူ့အခွင့်အရေးကိစ္စရပ်များကို နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ လက်နက်သဖွယ် အသုံးချခြင်းနှင့် စံနှုန်းနှစ်မျိုး ကျင့်သုံးခြင်းတို့ကို ပြတ်သားစွာ ဆန့်ကျင်ကြသည့်အပြင်၊ လူ့အခွင့်အရေးကိုအကြောင်းပြ ၍ အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ပြတ် သားစွာ ဆန့်ကျင်ကြသည်။

၇။ နှစ်ဖက်လုံးသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်၊ ငြိမ်းချမ်းသာယာ၍ စိတ်ချလုံခြုံမှုရှိပြီး သာယားဝပြောသည့် လှပနှစ်လိုဖွယ်ရာအိမ်ဂေဟာကို အတူတည်ဆောက်ရေး၊ ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရေး၊ သာတူညီမျှမှုနှင့် ဘုံအကျိုးစီးပွားရှိသော ပူးပေါင်းဆောင်ရွက်မှုများကိုအခြေခံ၍ ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ထောင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေး၊ ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို ရှေ့ဆက်ဖော်ဆောင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို ကျဉ်း မြောင်းစေရေးနှင့် ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သည့် ဒေသ တစ်ခု ဖြစ်ပေါ်လာစေရေး ပါဝင်ပံ့ပိုးရန် ကတိက၀တ်ကို ထပ် လောင်းအတည်ပြုခဲ့ကြသည်။

     နှစ်ဖက်လုံးသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ (၅) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင် ရွက်မှု ခေါင်းဆောင်များအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးကို ပံ့ပိုးကူညီရန်၊ အဆင့်မြှင့်တင်ထားသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု –၂.၀ (LMC2.0)မူဘောင်ကို လက်တွဲတည်ဆောက်ရန်နှင့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား ငြိမ်းချမ်းသာယာဝပြောသောအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

    နှစ်ဖက်လုံးသည် ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၊ အာဆီယံ၊ ဘင်းမ်စတက် (BIMSTEC)နှင့် အက်ခမက်စ်(ACMECS) အပါအဝင် နိုင်ငံစုံမူဘောင်များတွင် အပြန်အလှန် ပံ့ပိုးကူညီမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြသည်။ မြန်မာနိုင်ငံ၏ တရားဝင်ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံယန္တရားများနှင့် လုပ်ငန်း စဉ်များအားလုံးတွင်လည်းကောင်း၊ ကုလသမဂ္ဂတွင်လည်း ကောင်း အပြည့်အဝ၊ တန်းတူညီမျှ ပါဝင်ဆောင်ရွက်နိုင်မှုကို တရုတ်နိုင်ငံက ထောက်ခံအားပေးသည်။ နှစ်ဖက်လုံးသည် ပို့ဆောင်ဆက်သွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ၊ ဉာဏပစ္စည်း မူပိုင်ခွင့်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ကျန်းမာရေးနှင့် မီဒီယာ အစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာရွက် စာတမ်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၉။ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည်ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာ ကြိုဆို ဂုဏ်ပြုခဲ့သည့် သမ္မတ ရှီကျင့်ဖျင် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများအား လှိုက်လှဲစွာ ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ပြီး သမ္မတရှီကျင့်ဖျင်အား နှစ်ဦး နှစ်ဖက် အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်ပါရန် ရင်းနှီးလှိုက်လှဲစွာဖြင့် ဖိတ်ကြားခဲ့သည်။

https://t.me/positiveanglenews

#PAN