
(နိုင်ငံတကာ) ဇွန် ၁၇
ပြင်သစ်နိုင်ငံ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေးတွင် မဟာမိတ်ခေါင်းဆောင်များက ယူကရိန်းနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်များကို အရေးပေါ်မြှင့်တင်ပေးရန်နှင့် ရုရှား၏ ရေနံနှင့် သဘာဝဓာတ် ငွေ့ကဏ္ဍများအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်ခြင်းဖြင့် မော်စကို၏ စစ်ပွဲစီးပွားရေးကို ဖိ အားပေးသွားရန် ကတိပြုလိုက်ကြသည်။
ဗုဒ္ဓဟူးနေ့က G7 ခေါင်းဆောင်များ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် “ကျွန်ုပ်တို့ ဂျီဆဲဗင်းခေါင်းဆောင်များ သည် ယူကရိန်းနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ရာတွင် မယိမ်းယိုင်သော ထောက်ခံအားပေးမှုဖြင့် စည်းလုံးညီညွတ်စွာ ရပ်တည်နေကြသည်” ဟု ဖော်ပြထားသည်။
ယင်းအရှိန်အဟုန်ကို မြှင့်တင်ရန် လေကြောင်းရန်ကာ ကွယ်ရေးစနစ်များ၊ ကြားဖြတ်ပစ်ဒုံးကျည်များနှင့် ရေရှည်စွမ်းဆောင်ရည်များကို တိုးမြှင့်ပံ့ပိုးပေးမည့်အပြင် ယူကရိန်းကိုယ်တိုင် စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုများ တိုးမြှင့်နိုင်ရေးအတွက် ထုတ်လုပ် မှုလိုင်စင်များ ခွင့်ပြုပေးရန် အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့နှင့် သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ သမ္မတထရမ်ပ်က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးရရှိရန် ကူညီသွားမည်ဟု ဆိုသော်လည်း G7 အဖွဲ့ဝင်များကမူ အမေရိကန်နှင့် အီရန်တို့အကြား ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီချက် ရရှိပြီးနောက်ပိုင်း ရုရှား၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့အပေါ် ပိတ် ဆို့မှုများ ထပ်မံတိုးမြှင့်ရန် အချိန်ကောင်းဖြစ်ကြောင်း ဆုံး ဖြတ်ခဲ့ကြသည်။
သမ္မတ ဇလန်းစကီးကလည်း G7 ထံမှ ထုတ်လုပ်ခွင့်လိုင်စင်များ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များနှင့် ဆောင်းရာ သီပံ့ပိုးမှု အစီအစဉ်များကဲ့သို့ အရေးကြီးသော ကတိကဝတ်များ ရရှိခဲ့ကြောင်းနှင့် အမေရိကန်က နောက် ကွယ်မှ ပံ့ပိုးပေးရန် အသင့်ရှိကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
G7 အစည်းအဝေးအတွင်း ခေါင်းဆောင်များသည် လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာအဖွဲ့၏ လက်နက်ဖြုတ်သိမ်းရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်ရေးတို့အတွက် ချက်ချင်း တင်း ကျပ်သော အပစ်အခတ်ရပ်စဲရေးလုပ်ရန် တောင်းဆိုခဲ့ကြသည်။
ထို့ပြင် ပြင်သစ်နိုင်ငံ၏ G7 ဥက္ကဌသက်တမ်း ဦးတည်ချက်အရ အနောက်နိုင်ငံများအနေဖြင့် အရေးကြီးတွင်းထွက်ပစ္စည်းများ (critical minerals) ကဏ္ဍတွင် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် ဈေးကွက်ဖျက်ဆီးမှုများ(dumping) မှ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးနိုင်မည့် မူဝါဒအစီအမံများကိုပါ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သံတမန်များ၏ ပြောကြားချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN