
(ပြည်တွင်း)ဇွန် ၁၆
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နှင့်ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ဇွန် ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နှင့် ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးတစ်လျှောက်တွင် PDFအကြမ်းဖက်အဖွဲ့များက ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပီပါခွံများဖြင့် ကားမိုင်းအဖြစ် ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိပြီး ခရီးသွားပြည်သူများကို တောလမ်းများအား ရှောင်ကွင်းလမ်းအဖြစ် အသုံးပြုစေကာ ဂိတ်ဖွင့်၍ ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်း တာဝန်သိဒေသခံ ပြည်သူ များ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး အဆိုပါကားလမ်းမကြီးတစ်လျှောက် မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့သည်။
ယင်းသို့ မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ ကံမမြို့နယ် ညောင်ဂျစ်ပင်ရွာအနီး ကားလမ်းဘေးဝဲ/ယာဘက်များ၌ PDF အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ထောင်ထားသည့် ဆီပီပါဖြင့် ပြုလုပ် ထားသည့် ကားမိုင်းကြီး ၁၅ လုံး၊ လက်လုပ်နင်းမိုင်း ရှစ်လုံး၊ လက်လုပ်မြေမြှုပ်မိုင်း ၁၀ လုံးကို လည်းကောင်း၊ ဇွန် ၁၄ ရက်တွင် ကားမိုင်းကြီး ရှစ်လုံး၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းသုံးလုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းနှစ်လုံးကိုလည်းကောင်း စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါ မိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျဖယ်ရှားရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။