(ပြည်တွင်း) ဇွန် ၁၃
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ လမ်းညွှန်ချက်များအရ တပ်မတော်မှ ဒေသအလိုက် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်လိုက် ဆက်တိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တည်ငြိမ်မှုများကို ဦးစားပေး တည်ဆောက်ပြီးနောက် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို စနစ်တကျ ဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့အပြင် ဝေးလံခေါင်သီပြီး သွားလာရေးခက်ခဲသည့် ဒေသများသို့ တပ်မတော်ယာဉ်တန်းများနှင့် လေယာဉ်များကို အသုံးပြု၍ လိုအပ်သည့် ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဒေသများတွင်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းကို မေ ၆ ရက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ထိုလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်မှုနှင့်အတူ လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင်လည်းကောင်း အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများကို မန္တလေးမြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ယခုအခါ တတိယအကြိမ် ထောက်ပံ့ရေးယာဉ်တန်းသည် မန္တလေးမြို့မှ ဇွန် ၁၁ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။ ယာဉ်တန်း ရောက်ရှိလာချိန်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက အိုးစည်ဒိုးပတ်များ၊ အောင်သပြေခက်များနှင့် ဂုဏ်ပြုပန်းကုံးများဖြင့် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
ရောက်ရှိလာသော ထောက်ပံ့ရေးပစ္စည်းများကို သက်ဆိုင်ရာ ဌာနများသို့ ခွဲဝေ ပို့ဆောင်လျက်ရှိပြီး ကျောင်းသုံးစာအုပ်များကို ခရိုင်ပညာရေးမှူးရုံးသို့၊ အခြေခံစားသောက်ကုန်များကို ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမသို့၊ ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဌာနများသို့ အသီးသီး ပို့ဆောင်လျက်ရှိသည်။
ထိုလုပ်ငန်းများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းထောက်ပံ့ရေးလုပ်ငန်းများသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ကောင်းမွန်လာစေရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ တိုးတက်လာစေရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ဒေသခံပြည်သူများကလည်း ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
တပ်မတော်အနေဖြင့်လည်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများနှင့် လက်တွဲပူးပေါင်းကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အင်တိုက်အားတိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PAN