
(နိုင်ငံတကာ) ဇွန် ၁၃
အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲကို ရေရှည်အဆုံးသတ်နိုင်မည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရရှိရန် “ဘယ်တုန်းကမှ ယခုလောက် နီးစပ်ခဲ့ခြင်းမရှိဖူး” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (Abbas Araghchi)က X လူမှုကွန်ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ဘက်က တစိုက်မတ်မတ် ပြောဆိုနေသည့် သံတမန်ရေးရာ တိုးတက်မှုများ အမှန်တကယ် ဖြစ်လာနိုင်ခြေရှိကြောင်း အီရန်ဘက်မှ အထင်ရှားဆုံး အချက်ပြလိုက်ခြင်း ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး အရတ်ဂ်ချီ၏ ပြောကြားချက်အရ လက်ရှိစဉ်းစားနေသည့် အပစ်ရပ်ရေးအစီအစဉ်မှာ အဆင့်နှစ်ဆင့်ပါဝင်ပြီး၊ ပထမအဆင့်အနေဖြင့် လက်ဘနွန်အတွင်း အစ္စရေး၏ ထိုးစစ်များအပါအဝင် တိုက်ပွဲများကို ခေတ္တရပ်တန့်ရန် ကနဦးနားလည်မှုစာချွန်လွှာ (MOU) ရေးထိုးမည်ဖြစ်ကာ၊ ဒုတိယအဆင့်တွင်မှ နျူကလီးယားအစီအစဉ်၊ ပိတ်ဆို့မှုရုပ်သိမ်းရေးနှင့် အေးခဲရန်ပုံငွေကိစ္စရပ်များကို အသေးစိတ် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးသွားမည်ဖြစ်သည်။
သို့သော်လည်း အီရန်နိုင်ငံပိုင်သတ?င်းအေဂျင်စီ (IRNA) က အီရန်ဘက်က အလျှော့ပေးထားခြင်းမရှိသည့် အချက် ၇ ချက်ပါ စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့မှုအပေါ် သမ္မတ ထရမ့်က “သတင်းတု” ဟု ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပြီး၊ အီရန်ဘက်က သတင်းအမှား ထုတ်ပြန်မိမှုအတွက် သီးသန့်ပြန်လည်တောင်းပန်ခဲ့ကြောင်းနှင့် ယခုသီတင်းပတ်ကုန်တွင် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဆဲဖြစ် ကြောင်း ပြောဆိုခဲ့သည်။
အခြားတစ်ဖက်တွင်မူ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance)နှင့် အိမ်ဖြူတော်အဆင့်မြင့်အရာရှိများက အီရန်ဘက်က နျူကလီးယားအစီအစဉ်ကို အလုံးစုံဖျက်သိမ်းခြင်း၊ နျူကလီး ယားပစ္စည်းများ ဖျက်ဆီးခြင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်း စသည့် “လုပ် ဆောင်ချက်အပေါ် အခြေခံသည့် စည်းကမ်းချက်များ” (Performance-based deal) ကို အပြည့်အဝ လိုက်နာဆောင်ရွက်ပြီးမှသာ အေးခဲထားသည့် ရန်ပုံ ငွေများကို လွှတ်ပေးမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား တုံ့ ပြန်ထားသည်။
ထို့ပြင် အီရန်နိုင်ငံအတွင်း ယခု MOU မူကြမ်းကို အပြီး သတ်ရန်အတွက် စစ်ဌာနချုပ်၊ IRGC တော်လှန်ရေးအစောင့်တပ်၊ လွှတ်တော်နှင့် အမြင့်ဆုံးခေါင်းဆောင်ကြီး (Supreme Leader)အထိ အဆင့်ဆင့် သဘောတူညီချက်ရယူရဦးမည်ဖြစ်၍ သံတမန်ရေးရာ ကစားပွဲမှာ အဆုံးသတ်ရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိနေသော်လည်း စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN