
(ပြည်တွင်း)ဇွန် ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်ခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး (Mr Thongsavan Phomvihane) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပပြီးနောက် ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။
ဇွန်လ ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ ကျင်းပခဲ့သည့် နှစ်နိုင်ငံဆွေးနွေးပွဲတွင် ဝန်ကြီးနှစ်ဦးသည် မြန်မာနှင့် လာအိုနိုင်ငံတို့အကြား ကာလကြာရှည်ရှိခဲ့သည့် ချစ် ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ရှိရင်းစွဲ ပူး ပေါင်းဆောင်ရွက်မှုယန္တရားများ ပြန်လည်စတင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ နယ်စပ်ဂိတ်များအဆင့်မြှင့်တင်ရန်နှင့် ပညာရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ အလုပ်သမားနှင့် အားကစားကဏ္ဍတို့တွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ယခုအချိန်သည် မြန်မာနှင့် လာအိုနိုင်ငံတို့တွင် အစိုးရသစ်များ အသီးသီးစတင်တာဝန်ယူသည့် ကာလဖြစ် ကြောင်း တိုက်ဆိုင်စွာ ပြောကြားခဲ့ပြီး၊ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင် ထောက်ခံရပ်တည်ပေးမှုနှင့် ယခုခရီးစဉ်ဖြင့် ထောက်ခံမှုပြသသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
လာအိုဒုတိယဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံ၏ အပြု သဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများကို ကြိုဆိုပါကြောင်းနှင့် အာဆီယံ၊ GMS၊ CLMV အပါအဝင် ဒေသဆိုင်ရာအဆင့်များတွင် မိသားစုစိတ်ဓာတ်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း လာအိုကိုယ်စားလှယ်အဖွဲ့အား ပြည် ထောင်စုဝန်ကြီးနှင့် ဇနီးတို့က Park Royal ဟိုတယ်၌ နေ့ လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး၊ ပြန်လည်ထွက်ခွာချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN