၂၀၁၅ ခုနှစ် ဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုအတွက် ဝီဂါအမျိုးသားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်

(နိုင်ငံတကာ) ဇွန် ၁၁

     လူပေါင်း ၂၀ ဦး သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ထိုင်းနိုင်ငံသမိုင်းတွင် သေဆုံးမှုအများဆုံးဖြစ်ခဲ့သည့် ၂၀၁၅ ခုနှစ် ဘန်ကောက်မြို့လယ် ဗုံးခွဲတိုက်ခိုက်မှုအတွက် ဖမ်းဆီးထားသည့် ဝီဂါ (Uighur) လူမျိုးစုဝင် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်သည်။

     တရားသူကြီး ၄ ဦးပါဝင်သည့် ခုံအဖွဲ့က ကြာသပတေးနေ့တွင် ဆယ်စုနှစ်တစ်ခုကြာ ကြန့်ကြာနေခဲ့သော စီရင်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ တရားခံများဖြစ်ကြသည့် ယူဆူဖူ မီရိုင်လီ (Yusufu Mieraili) နှင့် ဘီလယ် မိုဟာမက် (Bilal Mohammed) တို့အား ဩဂုတ်လ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်က ဘန်ကောက်မြို့၏ စီးပွားရေးအချက်အချာကျသောနေရာရှိ ဧရာဝဏ် (Erawan) နတ်ကွန်း၌ ဗုံးထောင်မှုဖြင့် ကြိုတင်ကြံ စည်လူသတ်မှုနှင့် လူသတ်ရန်ကြိုးပမ်းမှုတို့ဖြင့် ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

      ယခုအမှုသည် သက်သေထွက်ဆိုချက် စာမျက်နှာ ၁၀,၀၀၀ ကျော်နှင့် သက်သေ ၄၀၀ ကျော်ကို စစ်ဆေးခဲ့ရသဖြင့် ၁၀ နှစ်ကျော်ကြာ အချိန်ယူခဲ့ရသည်။ စတင်စစ်ဆေးစဉ် ၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံ စစ်အုပ်ချုပ်ရေးအောက်ရှိ စစ်တရားရုံးတွင် စစ်ဆေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှသာ အရပ်ဘက်တရားရုံးသို့ ပြောင်းရွှေ့ စစ် ဆေးခဲ့ခြင်း ဖြစ်သည်။

     တရားခံနှစ်ဦးစလုံးသည် စွဲချက်များကို တစိုက်မတ်မတ် ငြင်းဆိုခဲ့ကြပြီး စီရင်ချက်အပေါ် တစ်လအတွင်း အယူခံဝင်သွားမည်ဟု ၎င်းတို့၏ ရှေ့နေက ပြောကြား သည်။ စီရင်ချက် ထွက်ပေါ် လာပြီးနောက် တရားခံ မီရိုင်လီက ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ် လုံးဝလက်မခံနိုင်ကြောင်းနှင့် ၎င်းတို့တွင် အပြစ်မရှိကြောင်း အော်ဟစ်ပြောဆိုခဲ့သည်။

     ယခုဗုံးခွဲမှုအား မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း၊ လုံခြုံရေးကျွမ်း ကျင်သူများကမူ တိုက်ခိုက်မှုမတိုင်မီ လပိုင်းက ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်ရှာဖွေနေသည့် ဝီဂါလူမျိုး ၁၀၀ ကျော်ကို တရုတ်နိုင်ငံသို့ အဓမ္မ ပြည်နှင်ဒဏ်ပေးခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်ခရီးသွားများကို ပစ်မှတ်ထားကာ ဝီဂါအမျိုးသားရေးဝါဒီများက လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆထားကြသည်။

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်ကမူ တိုက်ခိုက်သူများသည် လူမဆန်စွာ ဆိုးသွမ်းသူများဖြစ်သဖြင့် ဥပဒေနှင့်အညီ ပြင်းထန်စွာ ပြစ်ဒဏ်ခတ်သည့် ထိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

     လက်ရှိတွင် ဗုံးခွဲခံခဲ့ရသည့် ဧရာဝဏ်နတ်ကွန်းသည် ပြန် လည်စည်ကားလျက်ရှိပြီး ဒေသခံများနှင့် တရုတ်ခရီးသွားများအကြား ရေပန်းစားနေဆဲ ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN