
(ပြည်တွင်း)ဇွန် ၁၁
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် သံတမန်တစ်ဦး သေဆုံးသွားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး၊ အဆိုပါသေဆုံးမှုနှင့် ဆက်စပ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ သံတမန်အသိုင်းအဝိုင်း၏ အဆိုအရ သေဆုံးသူ သံတမန်ကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အမေရိကန်သံရုံးနှင့် ၁.၅ ကီလိုမီ တာ (တစ်မိုင်ခန့်) သာ ကွာဝေးသော Sakura Residence + Hotel တွင် သေဆုံးလျက်သား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဟိုတယ်သည် နိုင်ငံတကာ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရေရှည်တည်းခိုသူများအကြား ရေပန်း စားသော နေရာတစ်ခုဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တစ်ဦး သေဆုံးခဲ့ကြောင်းကို Associated Press(AP) သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သော်လည်း၊ သေဆုံးသူ၏ အမည်၊ ရာထူးနှင့် သေဆုံးရသည့် အကြောင်းရင်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ “သေဆုံးသူရဲ့ မိသားစုနဲ့ ချစ်ခင်ရသူတွေရဲ့ သီးသန့်လွတ်လပ်ခွင့်ကို လေးစားတဲ့အနေနဲ့ လက်ရှိအချိန်မှာ ထပ်မံထုတ်ပြန်ပေးစရာ အချက်အလက် မရှိသေးပါဘူး” ဟု ဝန်ကြီးဌာနက ဆိုသည်။
သံတမန်သတင်းရင်းမြစ်များ၏ အဆိုအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယခုဖြစ်စဉ်ကို “လူသတ်မှု ဖြစ်နိုင်ခြေ” အဖြစ် သတ်မှတ်ကာ အမှုဖွင့် စုံစမ်းနေခြင်း ဖြစ်သည်။ ယခုအမှုနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ထိုင်းအမျိုးသမီးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်စစ်ဆိုင်ရာ အကူအညီများ ပေးအပ်ထားပြီး ၎င်း၏ မိသားစုထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်မှ ယခုအမှုနှင့် ပတ်သက်၍ လူသိ ရှင်ကြား တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပဲ Sakura ဟိုတယ်၏ မန်နေဂျာကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်ဟု သိရပါသည်။
Telegram»…
https://t.me/positiveanglenews
#PAN