ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၁ ဦးအထိ မြင့်တက်၊ လက်နက်ကိုင်အဖွဲ့များကြောင့် ရောဂါတုံ့ပြန်ရေးလုပ်ငန်းများ အဟန့်အတားဖြစ်နေရ

(နိုင်ငံတကာ) ဇွန် ၉

     ဒီမိုကရက်တစ်သမ္မတကွန်ဂိုနိုင်ငံ (DR Congo) တွင် ကူးစက်ပြန့်ပွားနေသည့် အီဘိုလာဗိုင်းရပ်စ် (Ebola) ကြောင့် သေဆုံးကြောင်း အတည်ပြုနိုင်သူအရေအတွက်သည် ၁၀၁ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ကွန်ဂိုအစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သည်။

   ရောဂါဒဏ် အဆိုးရွားဆုံး ခံစားနေရသည့် အီတူရီ (Ituri) ပြည် နယ်အတွင်း လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့များကြောင့် ကယ်ဆယ်ရေးနှင့် ရောဂါတုံ့ပြန်ရေးလုပ်ငန်းများ လုပ် ဆောင်ရန် များစွာအဟန့်အတား ဖြစ်နေရခြင်းအပေါ် အစိုးရနှင့် ကျန်းမာရေးအာဏာပိုင်များက ပြင်းထန်စွာ စိုးရိမ်ပူပန်လျက်ရှိသည်။

     လွန်ခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၀ ဦးအပါ အဝင် ရောဂါကူးစက်ခံရသူအသစ် ၃၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သဖြင့် စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ရာဂဏန်းကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။

     ကွန်ဂိုနိုင်ငံတွင် ယခုဖြစ်ပွားနေသည့် ဗိုင်းရပ်စ်မှာ ဘန်ဒီဘူဂျို (Bundibugyo) အီဘိုလာဗိုင်းရပ်စ်မျိုးကွဲဖြစ်ပြီး ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင်မှ တရားဝင် ထုတ်ပြန်ကြေ ညာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းဗိုင်းရပ်စ်သည် ရက်သတ္တပတ်ပေါင်းများစွာကြာအောင် မသိရှိဘဲ ပျံ့နှံ့နေခဲ့သဖြင့် ကျန်းမာရေးအာဏာပိုင်များအနေဖြင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် နောက်ကျပြီးမှ အပြင်းအထန် ရုန်းကန်နေကြရသည်။

     ၂၀၁၄ ခုနှစ်က အနောက်အာဖရိကတွင် လူပေါင်း ၁၁,၃၀၀ ကျော် သေဆုံးခဲ့သည့် ဇိုင်ယာ (Zaire) ဗိုင်းရပ်စ်မျိုးကွဲနှင့်မတူဘဲ ယခု ဘန်ဒီဘူဂျို ဗိုင်းရပ်စ်အတွက်မူ လက်ရှိအချိန်အထိ အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် ကုသဆေး လုံးဝမရှိသေးပေ။ စမ်းသပ်ဆဲ ကာကွယ်ဆေးနှစ်ခုမှာလည်း လူသားများနှင့် စမ်းသပ်ရန် အဆင့်သို့ပင် မရောက်ရှိသေးကြောင်း သိရသည်။

     ယခု အီဘိုလာကူးစက်မှုသည် ကာလရှည်ကြာ လက် နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် ပြည်နယ်သုံးခုဖြစ်သော အီတူရီ၊ ကီဗူးမြောက်ပိုင်းနှင့် ကီဗူးတောင်ပိုင်းတို့တွင် စုပြုံဖြစ်ပွားနေသည်။ အဆိုပါ ပြည်နယ်သုံးခုတွင် လူမျိုးစုတင်းမာမှု၊ နိုင်ငံရေးအား ပြိုင်မှုနှင့် သဘာဝသယံဇာတ ထိန်းချုပ်ရေးတို့အတွက် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့ပေါင်း ၁၂၀ ကျော် ရှိနေသည်။

     အစိုးရ၏ အစီရင်ခံစာအရ ဂျူးဂူး၊ အီရူမူနှင့် မမ်ဘာဆာ ဒေသများတွင် လက်နက်ကိုင်များ ရှိနေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ သွားရောက်ကူညီခွင့်များ ပိတ် ဆို့နေဆဲ ဖြစ် သည်။ ထို့ပြင် ပြည်သူများအကြား မယုံကြည်မှုများနှင့် ခုခံတွန်း လှန်မှုများကလည်း ရောဂါတုံ့ပြန်ရေးကို အဟန့်အတားဖြစ်စေပြီး၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘူးနီးယားမြို့ သုသာန်၌ ရုပ်အလောင်းမြှုပ်နှံရေးအဖွဲ့တစ်ဖွဲ့ တိုက်ခိုက်ခံရမှုကြောင့် လူနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

     လူဦးရေ သန်း ၁၀၀ ကျော်ရှိသည့် ကွန်ဂိုနိုင်ငံတွင် ၁၉၇၆ ခုနှစ်နောက်ပိုင်း ယခုအကြိမ်သည် ၁၇ ကြိမ်မြောက် အီဘိုလာကူးစက်မှုဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြည်သူ့ကျန်း မာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည်။ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်က ယခုဒေသသည် လူ ဦးရေရွှေ့ပြောင်းသွားလာမှု မြင့်မားသည့် သတ္တုတွင်းဇုန်ဖြစ်သဖြင့် အခြားနိုင်ငံများသို့ ပြန့်ပွားရန် အန္တရာယ်ကြီးမားကြောင်း သတိပေးထားသည်။

     လက်ရှိတွင် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံ၌ ကူးစက်ခံရသူ ၁၉ ဦးနှင့် သေဆုံးသူ ၂ ဦး ရှိလာခဲ့ပြီးနောက် ယူဂန်ဒါနိုင်ငံက ကွန်ဂိုနှင့် နယ်စပ်ဂိတ်ကို ပိတ်ပစ်ခဲ့သည်။ ထို့ပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် မောရစ်ရှတ်နိုင်ငံတို့ကလည်း ကွန်ဂို၊ ယူဂန်ဒါနှင့် တောင်ဆူဒန်တို့မှ ခရီးသွားများကို ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်။

     သို့သော်လည်း WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်က ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာမှု ကန့်သတ်ခြင်းသည် ထိရောက်မှုမရှိသဖြင့် နယ်စပ်ပိတ်ဆို့ထားမှုများကို ပြန် လည်စဉ်းစားပေးရန် တိုက်တွန်းထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN