ရုရှားနိုင်ငံ အလာဘူဂါအထူးစီးပွားရေးဇုန်သို့ မြန်မာလုပ်သားများ စေလွှတ်နိုင်ရေးနှင့် အလုပ်သမားရေးရာ MoU ချုပ်ဆိုနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် SEZ ကိုယ်စားလှယ်တို့ ဆွေးနွေး

(ပြည်တွင်း)ဇွန် ၉

     ရုရှားဖက်ဒရယ်နိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၉ ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (St. Petersburg International Economic Forum) သို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်နေသည့် အလုပ်သမားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ရုရှားနိုင်ငံ၊ တာတာစတန်သမ္မတ နိုင်ငံ (Kazan) ရှိ အလာဘူဂါအထူးစီးပွားရေးဇုန် (Alabuga SEZ) မှ ကိုယ်စားလှယ် ဖြစ်သူ Mr. Konstantin Trifonov အား ဇွန် ၈ ရက် ညနေပိုင်းတွင် ဒေသစံတော်ချိန်အရ Welton ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရုရှားနိုင်ငံ၏ အဓိက အချက် အချာကျသော အလာဘူဂါအထူးစီးပွားရေးဇုန် (Alabuga SEZ) အတွင်းသို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန်အတွက် လိုအပ်လျက်ရှိသည့် စက်မှုလုပ်ငန်းကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍကြီးများအတွက် မြန်မာအလုပ်သမားများ စနစ်တကျ စုဆောင်းစေလွှတ်နိုင်ရေး ကိစ္စရပ်များကို အလေး ထားဆွေးနွေးခဲ့ကြသည်။

     ထို့ပြင် နှစ်နိုင်ငံအကြား တရားဝင်လုပ်သားစေလွှတ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် အလာဘူဂါအထူးစီးပွားရေးဇုန်အာဏာပိုင်တို့အကြား အလုပ်သမားရေးရာဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) ရေးထိုးနိုင်ရေးအတွက် လက်ရှိတွင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် နောက်ဆုံးရအခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အလာဘူဂါအထူးစီးပွားရေးဇုန် ကိုယ်စားလှယ်တို့သည် ရုရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာလုပ်သားများ၏ လုပ်ငန်းခွင်အခြေ အနေများ၊ ရပိုင်ခွင့်များနှင့် လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်မည့် အကာအကွယ်ပေးမှုများနှင့် ပတ် သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN