သာစည်မြို့နယ်နှင့် တောင်ကြီးမြို့တို့တွင် ငွေကျပ်သိန်း ၁,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၆

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တောင်ကြီးမြို့တို့တွင် ငွေကျပ်သိန်း ၁,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့ ည၉နာရီကျော်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာ တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် သက်ကိုဝင်း ၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၃၅၀)၊ မြန်မာငွေကျပ် ၃၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန်လ ၅ ရက်နေ့ နံနက်၄နာရီ အချိန်က အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ စိုင်းညွန့်(ခ)မင်းညွန့် အား ၎င်းနေထိုင်သည့် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်ကိုကို(ခ)သားငယ် အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စိတ်ကြွရူးသွတ်ဆေးပြားများသယ်ဆောင်လာသူသက်ကိုဝင်း(၃၆)နှစ်၊ စိုင်းညွန့်(ခ)မင်းညွန့်(၃၁)နှစ် နှင့် အောင်ကိုကို(ခ)သားငယ်(၄၁)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိသည်။

#PAN