ပြည်သူကိုဗဟိုပြုပြီး ပိုမိုကြံ့ကြံ့ခံနိုင်သည့် ဘင်းမ်စတက်အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

(ပြည်တွင်း)ဇွန် ၆

     လက်ရှိမျိုးဆက်နှင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ကြံ့ခံနိုင်ရည်ရှိပြီး တက်ကြွကာ ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက် (BIMSTEC) အသိုက်အဝန်းတစ်ခုကို အားလုံးစုပေါင်း၍ အတူတကွ တည်ဆောက်သွားကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

     အဆိုပါတိုက်တွန်းချက်ကို ဘင်းမ်စတက် ပူးပေါင်းဆောင် ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် နိုင်ငံတော်သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

     ဗန်ကောက်ကြေညာစာတမ်းမှတစ်ဆင့် ပေါ်ပေါက်လာခဲ့သည့် ဘင်းမ်စတက်အဖွဲ့ကြီးသည် တန်းတူညီမျှမှု၊ အပြန် အလှန်လေး စားမှုနှင့် မိတ်ဖက်စိတ်ဓာတ်ဟူသော အခြေခံမူများကို လိုက်နာလျက်ရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း၌ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် အရေးပါသော ပလက် ဖောင်းတစ်ခုအဖြစ် ခိုင်မြဲစွာ ရပ်တည်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

     နှစ်ဆယ့်ကိုးနှစ်တာ ကာလအတွင်း ဘင်းမ်စတက်အဖွဲ့သည် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ခိုင်မာစေရန်နှင့် ဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရန် မြဲမြံစွာ ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဤကဲ့သို့ စုပေါင်းအား ထုတ်မှုများသည် အဖွဲ့အစည်း၏ ထိရောက်မှုကို မြှင့်တင်ပေးရုံသာမက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် အနှစ်သာရရှိသော အခန်းကဏ္ဍကို ပိုမိုခိုင်မာစေခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

     လာမည့်နှစ်တွင် ဘင်းမ်စတက်အဖွဲ့ တည်ထောင်မှု နှစ် (၃၀) ပြည့်မြောက်တော့မည် ဖြစ်ရာ၊ မိမိတို့အနေဖြင့် ရရှိခဲ့သည့် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ပြီး ပိုမိုမြင့်မားသော ရည်မှန်းချက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားရမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

     ထို့ပြင် ဘင်းမ်စတက်အဖွဲ့ကို မိမိတို့၏ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်သည့် ပိုမိုထိရောက်သော၊ ရလဒ်ကို အခြေခံသော၊ တုံ့ပြန်မှုအားကောင်းသော ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ် ဆက် လက်ဖွံ့ဖြိုးတက်စေရန် အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းထားသည်။

     ဘင်းမ်စတက် အထိမ်းအမှတ်နေ့သည် ဒေသတွင်းရှိ ကြီး မားသော အလားအလာများနှင့် ထိုအလားအလာများကို အသုံး ချရာတွင် ညီညွတ်မှု၏ အရေးပါပုံကို သတိပြုမိစေရန် နှိုးဆော်ပေးသည့် အချိန်အခါသမယဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအရ သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN