
(နိုင်ငံတကာ) ဇွန် ၅
အစ္စရေးအစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို ပါလက်စတိုင်းအကျဉ်းသားများထံ သွားရောက်တွေ့ ဆုံခွင့် ပိတ်ပင်ထားသည့် မူဝါဒကို အစ္စရေးတရားရုံးချုပ်က တရားသူကြီးများအားလုံး၏ ကန့်ကွက်သူမရှိ တစ်ခဲနက်မဲဖြင့် ဗုဒ္ဓဟူးနေ့တွင် ပယ်ချလိုက်ပြီး၊ အဆိုပါပိတ်ပင်မှုကို ချက်ချင်းရုပ်သိမ်းရန် အမိန့်ချမှတ်လိုက်သည်။
တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ အစိုးရအနေဖြင့် အကျဉ်းသားများအား ကြက်ခြေနီအဖွဲ့နှင့် တွေ့ဆုံခွင့် ပိတ်ပင်ထားခြင်းသည် အစ္စရေးနိုင်ငံတွင်းဥပဒေသာမက အပြည်ပြည်ဆိုင်ရာ ဥပဒေများကိုပါ ချိုးဖောက်ရာရောက်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် အောက် တိုဘာလ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအပြီးတွင် အကျဉ်းသားများထံ ဝင်ရောက်ကြည့်ရှုခွင့် အားလုံးကို လုံးဝပယ် ဖျက်ခဲ့သည့် အစိုးရ၏ လုပ်ရပ်အပေါ် ခိုင်လုံသော ဥပဒေကြောင်းအရ အခြေခံအကြောင်းပြချက် တင် ပြနိုင်ခြင်းမရှိကြောင်း တရားရုံးက ထောက်ပြခဲ့သည်။ ယခုကဲ့သို့ အစ္စရေးက ကြက်ခြေနီအဖွဲ့အား ပိတ်ပင်ခဲ့ခြင်းသည် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
အစ္စရေး အရပ်ဘက်အခွင့်အရေးအဖွဲ့ (ACRI)၊ လူ့အခွင့် အရေးဆိုင်ရာ သမားတော်များအဖွဲ့နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပူးပေါင်း၍ ယခုအမှုတွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လကတည်းက တရားရုံးတွင် စတင်လျှောက်ထားခဲ့ခြင်း ဖြစ် သည်။ သို့သော်လည်း အစ္စရေးအစိုးရဘက်က ကြားနာစစ်ဆေးမှုကို ဆိုင်းငံ့ရန် ၂၇ ကြိမ်တိုင်တိုင် ရက်ချိန်းရွှေ့ဆိုင်းခွင့် တောင်းခံခဲ့သဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းမှသာ ကြားနာစစ်ဆေးမှု စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု တရားရုံးချုပ်၏ အမိန့်ကြောင့် အစ္စရေးအကျဉ်း ထောင်များနှင့် စစ်ဘက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းများတွင် သုံးနှစ်နီးပါးကြာ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံထားရသည့် ပါလက်စတိုင်း လုံခြုံရေးအကျဉ်းသား ၉,၀၀၀ ကျော်သည် ကြက်ခြေနီအဖွဲ့နှင့် ပြန်လည်တွေ့ဆုံခွင့် ရရှိတော့မည် ဖြစ်သည်။
ယခုဆုံးဖြတ်ချက်သည် အစ္စရေးအကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်းလူမျိုးများအပေါ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်နေသည်ဟူသော နိုင်ငံ တကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်လာသည့် ကုလသမဂ္ဂ၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် အစ္စ ရေးစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပါလက်စတိုင်းအကျဉ်းသားများကို စစ်ဆေးမေးမြန်းစဉ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ မုဒိမ်းကျင့်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူသားဂုဏ် သိက္ခာကို ညှိုးနွမ်းစေသည့် ဖိနှိပ်မှုများကို နာမည်ဆိုးဖြင့် ကျော် ကြားသော စဒီတေမန် (Sde Teiman) စစ်အခြေစိုက်စခန်း အပါအဝင် နေရာအနှံ့အပြားတွင် ကျူးလွန်ခဲ့ကြောင်း အထောက် အထားများနှင့်တကွ ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကမူ တရား ရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး အကျဉ်း သားများကို သီးသန့်တွေ့ဆုံခွင့်ရရှိရေး အမြန်ဆုံး ဆက် လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN