
(နိုင်ငံတကာ) ဇွန် ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနှင့် ဟစ်ဇဘိုလာ (Hezbollah) တို့အကြား တိုက်ပွဲများလျှော့ချရေး သဘော တူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး နာရီပိုင်းအကြာတွင် အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းသို့ ဒရုန်းနှင့် လက် နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ရာ ဆီးရီးယားနိုင်ငံသား နှစ်ဦးအပါအဝင် အနည်းဆုံး လူငါးဦး သေဆုံးသွားခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် မီဒီယာများက သတင်းဖော်ပြသည်။
လက်ဘနွန် တရားဝင်အမျိုးသားသတင်းအေဂျင်စီ (NNA) ၏ ထုတ်ပြန်ချက်အရ အင်္ဂါနေ့တွင် နာဘာတီးယား (Nabatieh) ပြည်နယ်၊ ဂျက်ဘ်ချစ် (Jebchit) မြို့ရှိ သစ်ပျိုးဥယျာဉ်တစ်ခုကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလုပ်လုပ်နေသည့် ဆီးရီးယားရွှေ့ပြောင်းလုပ်သား နှစ်ဦး သေဆုံးခဲ့သည်။
ထို့ပြင် တူးလ် (Toul) မြို့ရှိ မော်တော်ဆိုင် ကယ်တစ်စီးနှင့် အန်ဆာ (Ansar) မြို့ရှိ မော်တော်ယာဉ်တစ်စီးတို့ကို အစ္စရေးဒရုန်းများဖြင့် ထပ်မံပစ်ခတ်ခဲ့၍ လူနှစ်ဦး သေဆုံးခဲ့ပြီး၊ နာဘာတီးယားမြို့အတွင်း သီးခြားဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့်လည်း မော်တော်ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ရသည်။
ဤတိုက်ခိုက်မှုများသည် သမ္မတ ထရမ့်က Truth Social တွင် “အစ္စရေးကော ဟစ်ဇဘိုလာပါ ပစ်ခတ်မှုအားလုံး ရပ်တန့်ဖို့ သဘောတူညီခဲ့ကြပြီး ဘေရွတ်မြို့သို့ ဦးတည်နေသည့် အစ္စရေးစစ်တပ်များကို ပြန်လှည့်ခိုင်းထားပြီးပြီ” ဟု ရေးသားအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ တိုက်ပွဲလျှော့ချရေး သဘောတူညီချက်ကို အစ္စရေးနှင့် ဟစ်ဇဘိုလာ နှစ်ဖက်စလုံးက လူသိ ရှင်ကြား အတည်ပြုလက်ခံခြင်း မရှိသေးပေ။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟစ်ဇဘိုလာဘက်က ကတိဖျက်ပါက ဘေရွတ်ကို ဆက်လက်တိုက်ခိုက်မည်ဟု ပြောထားပြီး ထရမ့်၏ ကြေညာ ချက်အပြီးတွင် လက်ဘနွန်ဘက်မှ အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့သဖြင့် အစ္စရေးဘက်က ကြားဖြတ်ပစ်ချခဲ့ရသည်။
ဒေသတွင်း သတင်းထောက်များ၏ အဆိုအရ ဟစ်ဇဘိုလာသည် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို ဝန်ခံထားခြင်းမရှိသော်လည်း၊ လက်ဘနွန်တောင်ပိုင်းကို ကျူးကျော်ဝင်ရောက်နေသည့် အစ္စရေးစစ်တပ်များကိုမူ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း မဟာ ဗျူဟာမြောက် ဘူးဖို့ဒ်ရဲတိုက် (Beaufort Castle) အနီးတွင် အစ္စရေးစစ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂ ရက်နေ့တွင် အီရန်၏ အဓိကခေါင်းဆောင် (Supreme Leader) လုပ်ကြံခံရမှုအပြီး ဟစ်ဇဘိုလာက ကလဲ့ စားချေတိုက်ခိုက်ခဲ့ရာမှစ၍ လက်ဘနွန်သည် အီရန်-အမေရိကန် စစ်ပွဲအတွင်းသို့ ဆွဲသွင်းခံခဲ့ရသည်။
ဧပြီလ ၁၇ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ဖူးသော်လည်း နှစ်ဖက်စလုံးက နေ့စဉ်နှင့်အမျှ ချိုးဖောက်နေကြပြီး ယခုတစ်ကြိမ် ထရမ့်၏ ကြေညာ ချက်သည်လည်း လက်တွေ့မြေပြင်တွင် အလွန်ထိခိုက်လွယ်သည့် အခြေအနေ၌သာ ရှိနေသေးကြောင်း လေ့လာသူများက ထောက်ပြနေကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN