အမေရိကန်၏ တိုက်ခိုက်မှုအပြီး အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က လက်တုံ့ပြန်တိုက်ခိုက်

(နိုင်ငံတကာ) ဇွန် ၁

     အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ပြီးခဲ့သည့် ဧပြီလက သဘောတူညီထားသော ပျက်ပြယ်လွယ်သည့် အပစ်အခတ်ရပ်စဲရေးသည် မျက်နှာစာအသီးသီးမှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည်။ အမေရိကန်စစ်တပ်၏ လေကြောင်းတိုက် ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရာ စစ်စခန်းတစ်ခုအား လက်တုံ့ပြန်ဗုံးကြဲခဲ့ကြောင်း သိရသည်။

     အီရန်ပိုင် ဆီရစ်ခ် (Sirik) ကျွန်းပေါ်ရှိ ဆက်သွယ်ရေးမျှော် စင်တစ်ခုကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက်၊ မိမိတို့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်လေယာဉ်များက အဆိုပါကျူးကျော်မှု စတင်ထွက်ခွာလာရာ လေတပ်စခန်းကို ပြန်လည်ပစ်မှတ်ထားကာ ဖျက် ဆီးခဲ့ကြောင်း အီရန် (IRGC) က တနင်္လာနေ့တွင် ကြေညာခဲ့သည်။

     တစ်ချိန်တည်းမှာပင် ကူဝိတ်နိုင်ငံကလည်း မိမိတို့ပိုင်နက်အတွင်းသို့ အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များ ကျရောက် လာမှုကို ကြားဖြတ်ဟန့်တားခဲ့ရပြီး၊ ယခုလုပ်ရပ်သည် ဒေသတွင်းတည် ငြိမ်မှုကို ပျက်ပြားစေကြောင်း အီရန်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကမူ တနင်္ဂနွေပိတ်ရက်အတွင်း အီရန်၏ ရန်လိုမှုများကို တုံ့ပြန်ရန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အီရန်၏ လက်တုံ့ပြန်မှုကြောင့် အမေရိကန်စစ်သည်တစ်ဦးမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း အတည်ပြုသည်။

      ယခုလို အပြန်အလှန် တိုက်ခိုက်မှုများသည် ပျက်ပြယ်လွယ်သော အပစ်အခတ်ရပ်စဲရေးကို အခြေခံ၍ အမေရိကန်နှင့် အီရန်တို့အကြား သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း ပေါ် ပေါက်လာခြင်း ဖြစ် သည်။

     ၎င်းတို့သည် အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း ၆၀ အထိ သက်တမ်းတိုးရန်နှင့် စစ်ပွဲကို အပြီးတိုင်အဆုံး သတ်ရန် ညှိနှိုင်းမှုများ စတင်မည့် အလားအလာရှိသော နား လည်မှုစာချွန်လွှာ (MoU)မူကြမ်းကို ပြန်လည်သုံးသပ်နေကြကြောင်း သတင်းများက ဆိုသည်။ အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ MoU တွင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို ဖြတ်သန်းသွားလာမည့် သင်္ဘောလိုင်းများကို “ကန့်သတ်ချက်မရှိ” ခွင့်ပြုရမည်ဖြစ်ရာ ယင်းမှာ အခွန်အခများ ကောက်ခံခြင်းမရှိစေရ၊ “နှောင့်ယှက်ဖျက်ဆီးခြင်း” မရှိစေရဘဲ အီရန်အနေ ဖြင့် ပင်လယ်ရေအောက်မိုင်းများ အား လုံးကို ဖယ်ရှားရန် ရက်ပေါင်း ၃၀ အချိန်ရမည်ဟု ဖော်ပြထားမည်ဖြစ်သည်။

     ထို့ပြင် အဆိုပါ MoU တွင် အီရန်အနေဖြင့် နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ကတိကဝတ်ပြုချက်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ သဘောတူညီချက် သက်ရောက်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပထမဆုံး ဆွေးနွေးမည့် ကိစ္စရပ်မှာ အီရန်၏ ယူရေနီယံသန့်စင်မှု အစီအစဉ်နှင့် ၎င်း၏ အဆင့်မြင့်သန့်စင်ထားသော ယူရေနီယံလက်ကျန်များကို မည်သို့စီမံခန့်ခွဲမည်နည်းဟူသော အချက် ဖြစ်သည်။

     အီရန်နိုင်ငံပိုင်မီဒီယာကမူ စနေနေ့တွင် ဖော်ပြရာ၌ အဆိုပြုထားသော MoU တွင် နိုင်ငံ၏ အေးခဲထားသော ပိုင်ဆိုင်မှု ဒေါ်လာ ၁၂ ဘီလီယံကို ပြန်လည်လွှတ်ပေးရန် သဘောတူညီချက် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei) က တနင်္လာနေ့တွင် ပြောကြားရာ၌ စစ်ပွဲကိုအဆုံးသတ်ရန် သံတမန်ရေး ရာ လုပ်ငန်းစဉ်များ ကြန့်ကြာနေရခြင်းမှာ ယုံကြည်မှုအား နည်းခြင်း၊ ဝါရှင်တန် ၏ ရှေ့နောက်မညီသော ရပ်တည်ချက်များနှင့် အစ္စရေးစစ်တပ်က မြေပြင်ကျူးကျော်စစ် ဆင်နွှဲနေသည့် လေဘာနွန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကြောင့် ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ဂ်ချီက အမေရိကန်နှင့် အပစ်ရပ်စဲရေးသည် လေဘာနွန်မျက်နှာစာ အပါအဝင် အားလုံးနှင့် သက်ဆိုင်ကြောင်း၊ အစ္စရေး၏ လေဘာနွန်တောင်ပိုင်း ကျူးကျော်စစ်သည် အပစ်ရပ်မှုကို ချိုးဖောက်ခြင်းဖြစ်ပြီး အကျိုးဆက်ကို အမေရိကန်နှင့် အစ္စရေးတို့ တာဝန်ယူရမည်ဟု သတိပေးထားသည်။

     သို့သော် သမ္မတ ထရမ့်ကမူ တဟီရန်သည် သဘောတူညီချက်တစ်ခု တကယ်ရချင်နေခြင်းဖြစ်ပြီး အားလုံးအဆင်ပြေသွားမည်ဖြစ်ကြောင်း ၎င်း၏ Truth Social တွင် ယုံ ကြည်ချက်ရှိရှိ ရေးသားထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN