
(နိုင်ငံတကာ) ဇွန် ၁
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသောစစ်ပွဲ ငြိမ်း ချမ်းရေး သဘောတူညီချက် ဆွေးနွေးနေစဥ်ကာလတွင် တနင်္ဂနွေပိတ်ရက်အတွင်း အမေရိကန်၊ အီရန်နှင့် ကူဝိတ်နိုင်ငံတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစ္စရေး၏ လေဘာနွန်ကျူးကျော်စစ်ကြောင့် တစ်ကမ္ဘာလုံး ၏ ပြစ်တင်ရှုတ်ချမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့သည် တနင်္ဂနွေပိတ်ရက်အတွင်း အီရန်နိုင်ငံ ဂိုရတ်ခ် (Goruk) မြို့နှင့် ကက်ရှမ်(Qeshm)ကျွန်းတို့ရှိ အီရန်၏ ရေဒါစခန်းများနှင့် ဒရုန်းစခန်းများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ကူဝိတ်နိုင်ငံကလည်း မိမိတို့နိုင်ငံအတွင်းသို့ “ရန်လိုသော” ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ ကျရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)က ၎င်းတို့၏ ဆီရစ်ခ် (Sirik) ကျွန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် စစ်အခြေစိုက်စခန်းတစ်ခုအား လက်တုံ့ပြန်သည့်အနေဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်လည်း အစ္စရေး၏ လေဘနွန်ကျူး ကျော်စစ်သည် ပိုမိုကျယ်ပြန့်လာနေသဖြင့် ပြင်သစ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူရန် တောင်းဆိုထားရသည်။
ယခုကဲ့သို့ စစ်ရေးအရ အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသော်လည်း သံတမန်ရေးရာ လမ်းကြောင်းများ ပွင့်နေဆဲ ဖြစ် သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အီရန်နိုင်ငံနှင့် “အလွန်ကောင်းမွန်သော သဘော တူညီချက်တစ်ခု” ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော် လည်း၊ အမေရိကန်မီဒီယာများကမူ ထရမ့်သည် အီရန်အပေါ် ပိုမိုတင်းကျပ်သော စည်းကမ်းချက်များ ရရှိရန် တွန်းအားပေးနေကြောင်း ဖော်ပြကြသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ဂ်ချီကလည်း အမေရိကန်နှင့် သတင်းစကားပေးပို့မှုများ ရှိနေသော်လည်း သဘောတူညီချက်ကို အချောသတ် မလုပ် ဆောင်နိုင်မချင်း မည်သည့်အရာမျှ အသေအချာ ပြော၍မရသေးကြောင်း သတိကြီးစွာ တုံ့ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN