(မှုခင်း) မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်အပိုင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် မေလ ၃၀ ရက် ညနေပိုင်းက ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံလူမှုကယ် ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၃၀ ရက် (စနေနေ့) ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရွှေဝါဆီဆိုင် (ရွှေဝါဆီပန့်) အနီးတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော လိုက်ထရပ် (Light Truck) အမျိုးအစား ကုန်တင်ယာဉ်ငယ်တစ်စီးသည် ရှေ့မှမောင်းနှင်နေသော တွဲကား (နောက်တွဲယာဉ်) ၏ နောက်ဘက်သို့ အရှိန်မထိန်းနိုင်ဘဲ ပြင်းထန်စွာ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်တွင် ပါရှိလာသည့် အသက် (၃၀) ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးမှာ ယာဉ်ခေါင်းပိုင်းအတွင်း ညှပ်မိကာ ရရှိခဲ့သော ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် “မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (တောင်ငူ) Save The Trees Rescue Team” မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် လူမှုကူညီရေးယာဉ်များ၊ ညှပ်မိလူနာထုတ်ကိရိယာ (Hydraulic Rescue Tools) များဖြင့် သွားရောက်ကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကယ်ဆယ်ရေးအဖွဲ့သည် ယာဉ်ခေါင်းပိုင်းအတွင်း ညှပ်မိနေသည့် သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား မော် တော်ယာဉ်အတွင်းမှ ခက်ခဲစွာ ဖြတ်တောက်ထုတ်ယူခဲ့ရပြီး၊ ထိုမှတစ်ဆင့် တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ စနစ်တကျ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းက ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN