
(မှုခင်း) မေ ၃၀
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ စစ်ကိုင်း–မြစ်ငယ်ဖြတ်လမ်းပေါ် မြို့ဝင်ကြေးကောက်ခံရေးဂိတ်တွင် ယာဉ်တစ်စီး မရပ်တန့်သဖြင့် နှစ်ဖက်အငြင်းပွားမှုမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဂိတ်တာဝန်ကျအဖွဲ့မှ လမ်းအသုံးပြုခ ကောက်ခံနေစဉ် စစ်ကိုင်းမြို့မှ မြစ်ငယ်မြို့သို့ မောင်းနှင်လာသော တွဲကားတစ်စီးအား ရပ်တန့်စစ်ဆေးရန် တားမြစ်ခဲ့သော်လည်း မရပ်တန့်သဖြင့် ဂိတ်ဘက်မှ ကျောက်ခဲဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်၏ နောက်ကြည့်မှန်နှင့် ဘေးမှန်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်အပြီး ယာဉ်ဘက်မှ လူဦးရေ ၂၀ ခန့်က သံဒုတ်များဖြင့် ဂိတ်ကြေးကောက်ခံရေးအဖွဲ့အား ပြန်လည်ရိုက်နှက်ခဲ့ရာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအနက် ၃ ဦးတွင် ဦးခေါင်းထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဥပဒေအရ အမှုဖွင့်လှစ်ကာ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။