
(နိုင်ငံတကာ)မေ ၃၀
ဟန်ဂေရီနိုင်ငံတွင် ဝန်ကြီးချုပ်သစ် ပီတာ မာဂျာ (Peter Magyar)တက်လာပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း သိသာထင်ရှားသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သဖြင့်၊ ဗစ်တာ အော်ဘန် အစိုးရလက်ထက်က ဆိုင်းငံ့ထားခဲ့သည့် ရန်ပုံငွေ ယူရို ၁၆ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ) ကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ် ကြောင်း ဥရောပသမဂ္ဂ (EU) က တရားဝင်ကြေညာလိုက်သည်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိန်း (Ursula von der Leyen)က သောကြာနေ့တွင် ဘရပ်ဆဲလ်မြို့၌ ဝန်ကြီး ချုပ် မာဂျာနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဟန်ဂေရီတစ်နိုင်ငံလုံးမှာ အပြောင်းအလဲရဲ့ လေပြင်းတွေ အားကောင်းကောင်းနဲ့ တိုက်ခတ်နေတာကို ခံစားရပါတယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတင် ခင်ဗျား (မာဂျာ) ဟာ အချိန်အတော်ကြာ ကြန့်ကြာနေခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့သို့ရောက်အောင် တွန်းအားပေး လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ဗွန်ဒါလိန်းက မာဂျာ၏ ကြိုးပမ်းမှုကို ချီးကျူးခဲ့သည်။
ယခင် ဝန်ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန် အုပ်ချုပ်စဉ်ကာလက ဒီမိုကရေစီနောက်ပြန်ဆုတ်မှု၊ အဂတိလိုက်စားမှုနှင့် LGBTQ အရေးကိစ္စများအပေါ် ဖိနှိပ်မှုတို့ကြောင့် ဟန်ဂေရီနိုင်ငံအတွက် သတ်မှတ်ထားသည့် ရန်ပုံငွေ ယူရို ၁၈ ဘီလီယံခန့်ကို EU က ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဧပြီလရွေးကောက်ပွဲတွင် EU ရန်ပုံငွေများ ပြန် လည်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကတိပြုကာ အနိုင်ရရှိခဲ့သည့် ဝန်ကြီးချုပ် မာဂျာသည် ရာထူးတက်လာပြီးနောက် ကတိအတိုင်း ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)မှ နှုတ်ထွက်ရန် အော်ဘန်၏ စီမံကိန်းများကို ပယ်ဖျက်ရန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သလို၊ လာမည့်လတွင် ကျင်းပမည့် Pride လိင်တူချစ်သူများ ဂုဏ်ပြုချီတက်ပွဲကိုလည်း ရဲတပ်ဖွဲ့က ပိတ်ပင်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရန်ပုံငွေ ပမာဏသည် ဟန်ဂေရီနိုင်ငံ အမျိုးသားဘတ်ဂျက်တစ်ခုလုံး၏ ၁၃ ရာခိုင်နှုန်းခန့်အထိ ရှိပြီး၊ ၎င်းအနက် ယူရို ၁၀ ဘီလီယံကို ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးရန်ပုံ ငွေ (Next Generation EU)မှ လည်း ကောင်း၊ ယူရို ၄ ဒသမ ၂ ဘီလီယံကို ဒေသတွင်းညီညွတ်မျှတရေး ရန်ပုံငွေမှ လည်း ကောင်း ပထမအဆင့် ထုတ်ပေးမည်ဖြစ်ကာ ကျန်ရှိသည့် ယူရို ၂ ဒသမ ၂ ဘီလီယံကို ပြုပြင်ပြောင်းလဲမှုများ အပြည့်အဝပြီးစီးပါက ထပ်မံထုတ် ပေးမည်ဖြစ်သည်။
ဝန်ကြီးချုပ် မာဂျာက ယခုနေ့ကို “သမိုင်းဝင်နေ့ရက်” အဖြစ် ဖော်ပြခဲ့ပြီး၊ “ကျွန်တော်တို့ ကတိပေးခဲ့တဲ့အတိုင်း ဟန်ဂေရီနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့၊ စီးပွားရေးကို ပြန် လည်ဦးမော့လာစေဖို့နဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ဖို့ ဒီငွေတွေကို မိခင်နိုင်ငံဆီ ယူ ဆောင်လာမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဟန်ဂေရီအနေဖြင့် သြဂုတ်လကုန်ပိုင်းတွင် အစီအစဉ်သစ် တင်ပြရမည်ဖြစ်ပြီး၊ လုပ်ငန်းစဉ်များ အချိန်မီပြီးပါက ယခုနှစ်မကုန်မီ ပထမဆုံးအသုတ် ငွေထုတ်ပေးမှုကို ရရှိတော့မည် ဖြစ် သည်။
Telegram»…
https://t.me/positiveanglenews
#PAN