
(နိုင်ငံတကာ)မေ ၃၀
သုံးလကြာ မြင့်တက်ခဲ့သည့် စစ်ပွဲနှင့် ရေတပ်ပိတ်ဆို့မှုများကို အဆုံးသတ်နိုင်မည့် အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာ (MOU)နှင့် ပတ်သက်၍ အပြီးသတ် ဆုံးဖြတ် ချက်ချရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သော်လည်း၊ တီဟီရန်ဘက်ကမူ အမေရိကန်၏ စေခိုင်းချက်များကို လက်ခံမည်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင် ချက်များကိုသာ ကြည့်၍ ဆုံးဖြတ်မည်ဟု တုံ့ပြန်လိုက်သဖြင့် မရေရာမှုများ ဆက်လက်ရှိနေသည်။
သမ္မတ ထရမ့်က သောကြာနေ့တွင် အိမ်ဖြူတော်အရေးပေါ်အခြေအနေခန်းမ (Situation Room)၌ အကြံပေးများနှင့် တွေ့ဆုံခဲ့ပြီးနောက်၊ ၎င်း၏ ‘Truth Social’ လူမှုကွန် ရက်ပေါ်တွင် အီရန်ဘက်က လက်ခံရမည့် စည်းကမ်းချက်များကို အပြင်း အထန် ရေးသားချပြခဲ့သည်။ ယင်းအချက်များတွင် အီရန်အနေဖြင့် နျူကလီးယားလက်နက် လုံးဝမပိုင်ဆိုင်ရခြင်း၊ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို အသွားအပြန် အခမဲ့ပြန်ဖွင့်ပေးရခြင်း၊ ရေမှိုင်းများ ဖယ်ရှားခြင်းနှင့် မြေမြှုပ်ထားသည့် သန့်စင်ပြီး ယူရေနီယံများကို အမေရိကန်က ရှာဖွေဖျက်ဆီးခွင့်ပြုရခြင်းတို့ ပါဝင်သည်။
ထို့ပြင် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကြောင့် ပိတ်မိနေသည့် သင်္ဘောများ အိမ်ပြန်နိုင်တော့မည်ဖြစ်ကြောင်းနှင့် နောက် ထပ်အကြောင်းမကြားမချင်း အီရန်သို့ မည်သည့်ငွေကြေးမျှ လဲလှယ်ပေးဦးမည်မဟုတ်ကြောင်း ထရမ့်က ဆိုသည်။
သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei) က “ကျွန်တော်တို့ဟာ ‘လုပ်ရမယ်’ ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စေခိုင်းတဲ့ စကားလုံးအသုံးအနှုန်းကို လွန်ခဲ့တဲ့ ၄၇ နှစ်ကတည်းက နှုတ်ဆက်ခဲ့ပြီးပါပြီ” ဟု ဆိုကာ ထရမ့်၏ ရေးသားချက်ကို ပယ်ချခဲ့သည်။ ၎င်းက အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုသည် အစကတည်းက တရားမဝင်သလို ရေကြောင်းလွတ်လပ် ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ ယခုပိတ်ဆို့မှုရုပ်သိမ်းခြင်းသည် ၎င်းတို့ကျူးလွန်ခဲ့သည့် အမှားကို ပြန်ပြင်ခြင်းသာဖြစ်ကြောင်း ထောက်ပြခဲ့သည်။
အီရန်၏ ထိပ်တန်းဆွေးနွေးညှိနှိုင်းသူ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်(Mohammad Bagher Ghalibaf) ကလည်း တီဟီရန်အနေဖြင့် အမေရိကန်၏ ကတိစကားများကို မယုံ ကြည်ဘဲ “လက်တွေ့လုပ်ဆောင်ချက်” ကိုသာ စံနှုန်းထားမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်က စတင်မလုပ်ဆောင်မချင်း ၎င်းတို့ဘက်က မည်သည့်အရေးယူဆောင်ရွက်မှုမျှ လုပ်မည်မဟုတ်ကြောင်း အခိုင်အမာဆိုသည်။ ထို့ပြင် “ဘယ်လိုသဘောတူညီချက်မျိုးမှာမဆို အောင်နိုင်သူဟာ စာချုပ်ချုပ်ပြီး နောက်တစ်နေ့မှာ စစ်ပွဲအတွက် ပိုမိုအသင့်ပြင်ထားနိုင်သူပဲ ဖြစ်တယ်” ဟု ၎င်းက သတိပေးခဲ့သည်။
လက်ရှိတွင် အိမ်ဖြူတော်သတင်းမြစ်များ၏အဆိုအရ တရား ဝင်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ ထပ်မံသက်တမ်းတိုးရန် ယာယီသဘော တူညီချက် ရရှိထားသော်လည်း ထရမ့်က လက်မှတ်မထိုးရသေးပေ။
အီရန်နိုင်ငံပိုင် ‘ဖားစ်’ (Fars) သတင်းဌာန၏ ဖော်ပြချက်အရ နားလည်မှုစာချွန်လွှာသည် အတည်ပြုရန် နောက် ဆုံးအဆင့်သို့ ရောက်နေသော်လည်း၊ ထရမ့်ပြောသကဲ့သို့ အီရန်၏ နျူက လီးယားပစ္စည်းများကို ဖျက်ဆီးရမည်ဟူသော ပြဌာန်းချက်မျိုး အဆိုပါ MOU တွင် လုံးဝပါဝင်ခြင်းမရှိကြောင်းနှင့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပါက သင်္ဘောများကို စောင့်ကြည့်စစ်ဆေးမည့် အစီအစဉ်များသာ ပါဝင်နိုင်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN