ဒေသခံများပါဝင် ဆွေးနွေးခဲ့သည့် ကျေးလက်ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဒေးဒရဲတွင်ပြုလုပ်

( ပြည်တွင်း) မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ လေးအိမ်ကုန်းကျေးရွာအုပ်စု၊ လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အစည်းအဝေးခန်းမ၌ ညနေ ၃ နာရီတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ခိုင်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးမျိုးဇော်ဦးက ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးထိန်လင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦးကျော်စွာဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်အေးအေးသန့်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဒေါ်ဆုနန္ဒာအေးနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မျိုးဦးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မိမိတို့ သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူများနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

#PAN