
(မှုခင်း) မေ ၂၆
မကွေးတိုင်းဒေသကြီး၊မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
မေလ ၂၄ ရက်နေ့ ၆နာရီ၁၅ မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နတ်မောက်မြို့ဘက်မှ မကွေးမြို့ဘက်သို့ ဟန်မင်းကို(ခ)မင်းမင်း မောင်းနှင်လာသည့် TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၅၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်လာသူ ဟန်မင်းကို(ခ)မင်းမင်း(၄၈)နှစ်အား မကွေးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။