
(နိုင်ငံတကာ)မေ ၂၆
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာစိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားသော “ဗန်ဒီဘူဂျို” (Bundibugyo) အီဘိုလာဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်မှုသည် လက်ရှိတွင် ထိန်း ချုပ်ရခက်ခဲအောင် လျင်မြန်နေပြီး သေဆုံးသူ ၂၂၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို အာဒါနွန် ဂေဘရီရီဆု က သတိပေးပြောကြားလိုက်သည်။
လက်ရှိတွင် သံသယလူနာ ၉၀၀ ကျော်အထိ စမ်းသပ်တွေ့ရှိထားပြီး ရောဂါစတင်ရာ နေရာမှ ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ အိမ်နီးချင်းပြည်နယ်များနှင့် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံအထိပါ ကူးစက်ပြန့်ပွားလျက် ရှိသည်။ ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာရှိ ပုဂ္ဂလိကကျန်းမာရေးဌာနမှ ဝန်ထမ်း ၂ ဦး အပါအဝင် ယူဂန်ဒါတွင် အတည်ပြုလူနာ ၇ ဦးအထိ ရှိလာပြီဖြစ်ပြီး ယခုမျိုးစိတ်သစ်အတွက် ကာကွယ်ဆေး သို့မဟုတ် ကုသဆေး လတ်တလော မရှိသေးခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေသည်။
တစ်ဖက်တွင်လည်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် ပတ်သက်၍ အစိုးရနှင့် ဒေသခံများအကြား တင်းမာမှုများ ဖြစ်ပွားကာ ရုန်းရင်းဆတ်ခတ်မှုများ ပေါ် ပေါက်လျက် ရှိသည်။
အီဘိုလာဗိုင်းရပ်စ် ပြန့်ပွားမှုကို တား ဆီးရန်အတွက် ရောဂါဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို မိသားစုဝင်များထံ မပေးဘဲ အာဏာပိုင်များကသာ တိုက်ရိုက်ကိုင်တွယ် သင်္ဂြိုဟ်ရန် ညွှန်ကြားထားခြင်း၊ လူ ၅၀ ထက်ပိုသော ဈာပနအခမ်းအနားများနှင့် လူစုလူဝေးများကို ပိတ်ပင်ထားခြင်းတို့ကြောင့် ဒေသခံများက မကျေနပ်ဘဲ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရမ်ပါရာမြို့ရှိ အီဘိုလာကုသရေးစင်တာတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရသလို၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)၏ ဆေးကုသရေးတဲတစ်လုံးလည်း မီးရှို့ခံခဲ့ရပြီး အဆိုပါဖြစ်စဉ်အတွင်း သံသယလူနာ ၁၈ ဦး ထွက်ပြေးပျောက် ဆုံးသွားခဲ့သည်။
ထို့အပြင် တနင်္ဂနွေနေ့ညနေပိုင်းကလည်း မောင်ဘွာလူ အထွေထွေရောဂါကုဆေးရုံ (Mongbwalu General Hospital) အတွင်းသို့ ဒေါသထွက်နေသည့် လူငယ်အုပ်စုတစ်စုက သေနတ်များပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး ၎င်းတို့ဆွေ မျိုးများ၏ ရုပ်အလောင်းများကို အဓမ္မတောင်းခံခဲ့ကြသည်။ ထိုသို့ သေနတ်သံများ ထွက်ပေါ်နေစဉ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် လူနာများကို ဘေးလွတ်ရာသို့ အလုအယက် ရွှေ့ပြောင်းပေးခဲ့ရပြီး လက်ရှိတွင် အဆို ပါဆေးရုံကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားရကြောင်း သိရသည်။
ကွန်ဂိုအာဏာပိုင်များက သေဆုံးသူဟု သံသယရှိရသည့် ရုပ်အလောင်းများကို သင်္ဂြိုဟ်သည့် အန္တရာယ်ရှိသော လုပ်ငန်းစဉ်အား ဖြစ်နိုင်သမျှနေရာတိုင်းတွင် အာဏာ ပိုင်များကသာ ကိုင် တွယ်စီမံရန် ညွှန်ကြားထားရာ ယင်းသည် သေဆုံးသူ၏ မိသားစုဝင်များနှင့် မိတ်ဆွေများဘက်မှ ကန့်ကွက်ဆန္ဒပြမှုများနှင့် ရင် ဆိုင်နေရခြင်း ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN