ထိုင်ဝမ်တွင် အမေရိကန်၏ ဒုံးပစ်စင်နှင့် ဒုံးကျည်စနစ်များ ချထားမှုကို တရုတ်က HQ-16F ဒုံးခွဲကာကွယ်ရေးစနစ်သစ်ဖြင့် တုံ့ပြန်

(နိုင်ငံတကာ)မေ ၂၅

    ​​​​ထိုင်ဝမ်ကျွန်းပေါ်တွင် အမေရိကန်၏ ခေတ်မီဒုံးပစ်လောင်ချာများနှင့် ပဲ့ထိန်းဒုံးကျည်စနစ်များ ချထားလာမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA)သည် ထိုင်ဝမ်ရေလက်ကြားနှင့် အလွန်နီးကပ်သော ဖူကျန့်ပြည်နယ်အခြေစိုက် အရှေ့ပိုင်းစစ်မြေပြင်ကွပ်ကဲမှုဌာနချုပ်၏ အမှတ်(၇၃)တပ်ဖွဲ့တွင် စွမ်းဆောင်ရည်မြင့် ‘HQ-16F’ ရေရှည်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်ကို အဆင့်မြှင့်တင်တပ်ဆင်လိုက်ကြောင်း သိရသည်။

     ယခုစနစ်သစ် ဖြန့်ကြက်မှုသည် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက တိုင်ပေမြို့တွင် အမေရိကန်စစ်ဘက်ဝန်ထမ်းများ အမြဲ တမ်းအခြေစိုက်မည့် ပူးတွဲ အပစ်စွမ်းအားညှိနှိုင်းရေးစင်တာ (Joint Firepower Coordination Centre)ကို တည်ထောင်ခဲ့ပြီးနောက် တရုတ်ပြည်မကြီးဘက်က လက်ငင်းခြိမ်းခြောက်မှုကို တွန်းလှန်ရန် ပြုလုပ်လာခြင်းဖြစ်သည်။

     ယခုတပ်ဆင်လိုက်သည့် မျိုးဆက်သစ် HQ-16F စနစ်သည် ယခင်အမျိုးအစားဟောင်းများ၏ ပစ်ခတ်မှုအကွာအဝေးထက် နှစ်ဆကျော် ပိုမိုဝေးလံကာ အမြင့်ဆုံး ၁၆၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်သဖြင့် HQ-16 အမျိုးအစားများထဲတွင် ပထမဆုံးသော ‘ရေရှည်ပစ်စနစ်’ (Long-range system) ဖြစ်လာခဲ့သည်။ စနစ်သစ်တွင် လှိုင်းနှောင့်ယှက်မှုဒဏ်နှင့် အလုံးအရင်းဖြင့် လာရောက်တိုက် ခိုက်မှုများကို ကာကွယ်ရန် ခေတ်မီလမ်း ညွှန်စနစ်များ တပ်ဆင်ထားသည့်အပြင်၊ ယခင်အသုံးပြုခဲ့သည့် PESA ရေဒါများနေရာတွင် ပိုမိုတိကျ စွမ်းဆောင်ရည်မြင့်မားသည့် AESA ရေဒါစနစ်ကို ပြောင်းလဲအသုံးပြုထားသည်။

     တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ပဲ့ထိန်းဒုံးကျည်များ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်မားဆုံးဟု လူသိများသည့် အဆင့် ဆင့်သော ဒုံးကျည်ကာကွယ်ရေးကွန်ရက်ကို ကုန်းပြင်နှင့် ပင်လယ်ပြင်နှစ်ခုစလုံးတွင် တည်ဆောက်ထားသည်။

     ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက HQ-29 ဒုံးခွဲပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်သစ် (Anti-ballistic missile system) စတင်တာဝန်ထမ်းဆောင်နေပြီဖြစ် ကြောင်း အတည် ပြုခဲ့ပြီး၊ ယင်းသည် ရုရှား၏ S-500 နှင့် A-235 စနစ်များမှလွဲလျှင် တိုက်ကြီးဖျက်ပဲ့ထိန်းဒုံးကျည်များ (ICBMs) ကို ပစ်ချနိုင်စွမ်းရှိသည့် ကမ္ဘာပေါ်က တစ်ခုတည်းသော ရွေ့လျားဒုံးခွဲစနစ် ဖြစ်သည်။

     ယင်းကွန်ရက်အတွင်း တိုက်ကြီးဖျက်ပဲ့ထိန်းဒုံးကျည်များ (ICBMs)ကို ပစ်ချနိုင်သည့် HQ-29 စနစ်နှင့် အမေရိကန် ၏ THAAD စနစ်နှင့် တန်းတူရည်တူရှိသော HQ-19 စနစ်တို့က အထက်တန်းစားအဆင့်မှ ကာကွယ်ပေးထားပြီး၊ ယခုတပ်ဆင်လိုက်သည့် HQ-16F စနစ်မှာမူ အောက်ခြေအဆင့်မှနေ၍ အဝေးပစ် HQ-9 စနစ်နှင့်အတူ ပူးပေါင်းကာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ပိုမိုကျစ်လျစ်အောင် ဖြည့်ဆည်းပေးသွားမည် ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN