ဘီးလင်းမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သားသင်တန်း (ဒုတိယအသုတ်) ဖွင့်လှစ်

(ကျန်းမာရေး) မေ ၂၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်း (ဒုတိယအသုတ်) ကို မေ ၂၅ ရက် နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်သွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းစမ်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဿာန်မိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်သွင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘီးလင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုကျန်းမာရေးလုပ်သား သင်တန်းတွင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြဆရာ/ဆရာမ ၁၀ ဦးဖြင့် မေ ၂၅ ရက်မှ ဇွန် ၅ ရက်အထိ နှစ်ပတ်ကြာ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။