
(ပြည်တွင်း) မေ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် TNLA ၏ လက်ကျန်မိုင်းတစ်လုံးကိုနင်းမိသည့်အတွက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မေလ ၂၄ ရက် ညနေ ၄ နာရီခွဲမှာ နောင်ချိုမြိုနယ် လုံရုံးရွာနေ အသက် ၅၇ နှစ်အရွယ် ဦးအိုက်စောဆိုသူက ခြံရှင်းရင်း မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း နောင်ချိုမြို့နယ်ရှိ ပရဟိတလူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။
တအောင်းလက်နက်ကိုင် TNLA မှ နောင်ချိုမြို့ကိုထိန်းချုပ်ပြီးနောက် မိုင်းများအားမှတ်တမ်းမဲ့ထောင်ထားခဲ့ပြီး ဆုတ်ခွာချိန်တွင်မရှင်းလင်းခဲ့ခြင်းကြောင့် ပြည်သူများ မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာရရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဦးအိုက်စောသည် ပြင်ဦးလွင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နှင့် ၁၂ ရက်များတွင်လည်း နောင်ချိုမြို ပါဟတ်ရပ်ကွက်မှ အသက် ၁၉ နှစ်အရွယ်ရှိ ထက်ကိုအောင်ဆိုသူနှင့် နောင်ချိုမြိုနယ် အုမ္မသီးရွာနေ အသက် ၃၄ နှစ်အရွယ် စိုင်းလောင်လျန်းတို့မှာလည်း TNLA ၏ လက်ကျန်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။